Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီး အလှူအိမ်ပေါ်သို့ ကျရောက်၍ ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိ

စစ်ကောင်စီတပ် လက်နက်ကြီး အလှူအိမ်ပေါ်သို့ ကျရောက်၍ ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိ

741
Photo: CJ

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ကော့ဝါလဲကျေးရွာအတွင်းသို့ ယနေ့ ဇန်နဝါရီလ ၃ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အတွက် အလှူပြုလုပ်နေသည့် နေအိမ် တစ်လုံးပေါ် ကျရောက်သဖြင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုရှိကြောင်း သိရှိရသည်။

ကျုံဒိုးမြို့နယ်ခွဲ အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၅၄၆ တပ်နှင့် ၅၄၅ တပ်မှ ဒရုန်းဗုံးသီးချ တိုက်ခိုက်မည့် ဒရုန်းယာဉ်တစ်စီးတွေ့သည်ဟုဆိုကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ထိုသို့ ပစ်ခတ်ခြင်းကြောင့် ကျုံဒိုးကျေးနယ် ကော့ဝါလဲကျေးရွာအတွင်း အလှူပြုလုပ်နေသည့် ဒေသခံ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိဘဲ လက်နက်ကြီး ကျရောက်သည့်အရှိန်ကြောင့် နေအိမ်ခေါင်မိုးပျက်စီးကာ နေအိမ်သားအချို့ အိမ်အမိုး အပျက်အစီးအပိုင်းအစအချို့ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းက “ မနက်က အစောကြီး တရားနာပြီးချိန် အလှူအိမ်ပေါ် လက်နက်ကြီး ကျတယ်။ ကျုံဒိုး ၅၄၆ တပ်က ပစ်ထုတ်တာလို့ သိရတယ်။ ပေါက်ကွဲလို့ကတော့ သေကြမှာ မနည်းပါဘဲ၊ အခုက အိမ်အမိုးပေါက်ကျပြီးအိမ်ထဲ ကျတယ်၊ ကျည်မပေါက်လို့ တော်သေးတယ်၊ အိမ်ခေါင်မိုးတော့ ပျက်ပြီး အစတွေတော့ လူတွေတော့ ထိတာရှတာတော့ ရှိတယ်။ ၄လုံး ပစ်ထုတ်တာမှာ ရွာက နွားတွေ ထိကုန် တာတော့ ရှိတယ်လို့ သိရတယ် ”ဟု ပြောသည်။

ကျုံဒိုးဒေသအတွင်း စစ်ကောင်စီတပ် ခလရ ၅၄၆၊ ၅၄၅ တပ်ရင်း ၂ခု မှ မကြာခဏ လက်နက်ကြီး များဖြင့် ကျေးရွာများဘက် ပစ်ခတ်မှုပြုလုပ်လေ့ရှိပြီး ယမန်နှစ် ဒီဇင်ဘာလ ၂၇ ရက်ကလည်း ကျေးရွာများဘက်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

ယခုတလောတွင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် -BGF နှင့် ကရင်ငြိမ်း ချမ်းရေးကောင်စီ( KNLA-PC) တပ်ဖွဲ့တို့က ကျုံဒိုးမြို့တွင် ကျင်းပမြဲဖြစ်သော ဒေသလုံးဆိုင်ရာ ရိုးရာ မီးပုံပွဲတော်အား ယခုဇန်နဝါရီလ ၂၇ တွင် ကျင်းပနိုင်ရန် စီစဉ်ပြင်ဆင်မှုများလုပ်ဆောင်နေသော်လည်း ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းဘက်တွင် စစ်ကောင်စီတပ်၊ BGF တပ်များနှင့် KNLA ပူးပေါင်းတပ်များ ပြောက်ကျားတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု သိရသည်။