Home သတင်း တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် NUG နှင့် NUCC တိုက်တွန်း

တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် NUG နှင့် NUCC တိုက်တွန်း

754

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် လက်ရှိဆင်နွှဲနေသော တော်လှန်ရေးတွင် လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံမှ မြန်မာပြည်သူများအနေဖြင့် အစွမ်းကုန် ဆက်လက် ပူးပေါင်းပါဝင်ဆင်နွဲကြရန် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဇန်နဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်၌ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်တွယ်မှုကို ဖယ်ရှားပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ခြင်းဖြင့် နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းမှု တစ်ခုဖြစ်သောကြောင့် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကြရန် ယခုလို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးနိုင်ခဲ့လျှင် မည်သည့် မဟာလူမျိုးကြီးဝါဒကို မဆို ဆန့်ကျင်တိုက် ဖျက်ပြီး တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံပေးသည့်အပြင် နိုင်ငံသား၊ လူသား၊ လူနည်းစု အခွင့်အရေးရပိုင်ခွင့်များကို အကာအကွယ်ပေးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖော်ဆောင်ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး လက်ရှိတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ဆင်နွှဲနေကြသည့် အင်အားစုများ၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းမှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ CDM (အာဏာဖီဆန်ရေး) ဝန်ထမ်းများ ပုဂ္ဂလိက ဝန်ထမ်းများအားလုံးကိုလည်း တော်လှန်ရေး အောင်မြင်ပြီးသည့် နောက်တွင် နိုင်ငံတော်၏ အသိအမှတ်ပြုမှုနှင့် တာဝန်ယူမှုများကို အတူတကွခံစားရရှိကြရ မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကို အောင်မြင်စွာဖယ်ရှားပြီးပါက အသွင်ကူးပြောင်းရေး ကာလများတွင် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲမှလူထုထောက်ခံမှုဖြင့် တရားဝင်မှုရရှိထားသော နိုင်ငံရေးအင်အားစုများ၊ ရွေးကောက်ပွဲမဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် လူထုထောက်ခံမှုဖြင့် တရားဝင်မှုရရှိထားသော နိုင်ငံရေးအင်အားစုများပူးပေါင်း၍လည်း အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အာဏာများကို စနစ်တကျ ခွဲဝေကျင့်သုံးသွားကြမည်ဟု ၎င်းတို့က ဆိုထားသည်။

၎င်းအပြင် ယခုနှစ်အတွင်း စစ်ကောင်စီမှ ပြုလုပ်ရန် ကြိုးပမ်းနေသည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ပြုလုပ်ရန် အခွင့်အာဏာမရှိသလို ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းမှု သည်လည်း ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်းများကို လျှော့ချနိုင်ရေးအတွက် နိုင်ငံရေးလှည့်ကွက်နှင့် နိုင်ငံရေးထောင်ချောက်တစ်ခုသာဖြစ်ပြီး ၎င်းအပေါ်တွင်လည်း ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ပူးတွဲထုတ်ပြန်မှုတွင် ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီ အနေဖြင့် ယခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုထားပြီး ပြင်ဆင်မှု အချို့လည်းပြုလုပ်နေကာ ၎င်းတို့ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကလည်း နိုင်ငံရေးပါတီများကို စိစစ်ပေးရန် ယခင် ၂၀၂၁ခုနှစ်၊ မေလ ၂၄ ရက်နေ့က ပြည်ထဲရေးကို အကြောင်းကြားခဲ့သည်။ နိုင်ငံရေး ပါတီတချို့ကိုလည်း ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေကောက်ခံပုံ၊ လှုပ်ရှားမှု၊ မတရားအသင်း ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိမရှိ စသည်တို့ကို လိုက်လံစစ်ဆေးမှု များပြုလုပ် ခဲ့သည်။

အလားတူ NUG နှင့် NUCC မှ လက်ရှိ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းနေချိန် တစ်ဖက် စစ်ကောင်စီဘက်မှလည်း နိုင်ငံတော်၏ လုံခြုံရေး နှင့် အုပ်ချုပ်ရေး ယန္တရားများနှောင့်ယှက်ထိပါး တိုက်ခိုက် ချိန်မှအပ ယခင်နည်းအတိုင်း ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ ဒီဇင်ဘာလ ၃၁ ရက်အထိ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံတိုးမြင့်ရပ်စဲလိုက်ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုနှစ်သစ်ကူး ပူးတွဲထုတ်ပြန်ချက်တွင် NUG အပါအဝင် NUCC တွင် ပူးပေါင်းပါ ဝင်ထားသည့် နိုင်ငံရေး အင်အားစုများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အတိုင်ပင်ခံ ကောင်စီများ /ကော်မတီများ၊ နိုင်ငံရေးပါတီများနှင့် အခြားသော အင်အားစုများ စုစုပေါင်း ၂၃ ဖွဲ့ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။