ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အမှတ်၂ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမြင့်အောင် ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် မြို့အနီးအနားရှိ အခြားအုပ်ချုပ်ရေးမှူးများမှာ စိုးရိမ်ကြောက်လန့်မှုများဖြစ်နေကြောင်း သိရှိရသည်။
အသက် ၆၅နှစ် ဝန်းကျင်ရှိ စစ်ကောင်စီခန့် ကျုံဒိုးမြို့ အမှတ် ၂ အုပ်ချုပ်ရေးမှူးသည် ဇန်နဝါရီလ ၁၄ ရက် နေ့လည်တွင် ကျုံဒိုးတောင်ပေါ်ကျောင်းဘုန်းကြီးကျောင်းသို့ ရေသွားလှူရန် တက်သွားစဉ် အမည်မသိလူတစ်စု၏ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ကျုံဒိုးမြို့အနီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “အဲ့ဒီအုပ်ချုပ်ရေးမှူးက ဘာလုပ်လဲတော့မသိဘူး။ ဘာမှမမေးဘဲ ဆိုင်ကယ်နဲ့လာပြီးပစ်သတ်သွား တယ်ကြားတယ်။ ကြားတာ ကြောက်စရာကောင်းတယ်။ အုပ်ချုပ်ရေးမှူးလည်း မလုပ်ရဲတော့ဘူး။ ဘယ်မှလည်းမသွားရဲတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။
၎င်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် မြို့အဝင်အထွက်များတွင် စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ဒေသခံများ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အုပ်ချုပ်ရေးမှူးပစ်သတ်ခံတဲ့နေ့မှာတော့ ပစ်သတ်ပြီး နာရီဝက်လောက်မှာ မြို့အဝင်အထွက်တွေ စစ်ဆေးမေးမြန်းတာရှိတယ်။ ဒီနေ့တော့ ပုံမှန်ပြန်လိုပါပဲ။ စစ်ဆေးတာမတွေ့တော့ဘူး။ ဒေသခံတွေ ဈေးသွားနေကြတယ်”ဟု ၎င်းဒေသခံ က ပြောသည်။
အလားတူ ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ပစ်သတ်ခံရသည့် တစ်ရက်တည်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ထွန်း ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်း အမြစ်များထံမှ သိရသည်။



















