Home သတင်း ညောင်လေးပင်ခရိုင်မှ စစ်ရှောင်ပြည်သူများ ငွေပေးပြီးနေရပ်ပြန်နေထိုင်နိုင်ဟု စစ်ကောင်စီပြော

ညောင်လေးပင်ခရိုင်မှ စစ်ရှောင်ပြည်သူများ ငွေပေးပြီးနေရပ်ပြန်နေထိုင်နိုင်ဟု စစ်ကောင်စီပြော

616
Photo: KNU

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေရသော ဒေသခံများ မိမိနေရပ်သို့ ပြန်လည်နေထိုင်လိုပါက ငွေပေးဆောင်ပြီးပြန်နေနိုင်သည်ဟု စစ်ကောင်စီဘက်က ပြောဆိုမှုများရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောစကားအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ စစ်ရှောင်များသည် ၎င်းတို့ ၏အမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ ခြံအလွတ်များနှင့် နွားတင်းကုပ်များတွင် နေထိုင်ကြရပြီး လက်ရှိအချိန်ထိ စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများရှိနေဆဲဖြစ်သောကြောင့် နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက” ရွာပြန်နေချင်ရင် စစ်ကောင်စီကို ပိုက်ဆံပေးရမယ်လို့တော့ ကြားတယ်။ သူတို့ရွာပြန် လို့အဆင်မပြေကြဘူး။ ပေးပြီးနေလို့ရတယ်ဆိုလည်း မနေရဲကြဘူးလေ။ သူတို့မှာ အလုပ်အကိုင်ကြီးကြီး မားမားလည်းမရှိဘူး။ အိမ်ရှင်ရွာက ရွာခံတွေတောင် ဒီနှစ်ပိုင်းမှာ စီးပွားရေးကြပ်တည်းလို့ လူငယ်တွေက ထိုင်းဘက်ထွက် အလုပ်လုပ်နေရတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အချို့ဒေသခံများ စစ်ကောင်စီသို့ငွေပေး၍ နေရပ်ပြန်နေကြသော်လည်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ အဝင်အထွက်ရှိ၊ မရှိ ကင်းစောင့်စစ်ဆေး၍ စစ်ကောင်စီအားပြန်လည်သတင်းပို့ပေးရပြီး နေရပ်သို့ခိုးဝှက်ပြန်လာသောသူ တွေ့ရှိပါက ဖမ်းဆီးကာငွေဖြင့်ပြန်ရွေးရန်၊ လာမရွေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများရှိကြောင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးက ယခုလိုပြောသည်။

Photo: KNU

“ကျမဦးလေးနဲ့ရွာသား(၆)ယောက်လောက် အိမ်က တိရစ္ဆာန်တွေ အစာပြန်ကျွေးတာ ဖမ်းမိသွားတယ်။ ပြန်လာရွေးချင်ရင် ပိုက်ဆံပေးရမယ်တဲ့။ လာရွေးပေးတဲ့သူကိုလည်း ထပ်ဖမ်းတယ်ကြားတော့ မရွေးရဲဘူးလေ။ နောက်တော့ အသတ်ခံလိုက်ရတယ်။ စားစရာမရှိလို့ အိမ်ပြန်တဲ့အဒေါ်တစ်ယောက်လည်း လမ်းမှာ လက်နက်ကြီးထိလို့ သေသွားတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ညောင်လေးပင်ခရိုင်တွင်၂၀၂၂ခုနှစ် ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ရှိ ရန်မျိုးအောင်ကျေးရွာ၊ နောင်ကုန်းကျေးရွာနှင့် မုန်းမြို့နယ်ရှိ ကျွန်းကုန်း၊ သဲကုန်း၊ နရွဲပင် အစရှိသည့် ကျေးရွာပေါင်း(၃၀)မှ ဒေသခံပြည်သူ ၁၆,၁၃၇ ဦးမှာ ဘေးလွတ်ရာသို့ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အလားတူ ယခုဇန်နဝါရီလ(၃)ရက်မှ (၁၇) ရက်နေ့အထိ (၁၅)ရက်တာကာလတွင် ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးအလုံးရေ (၃၁)လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် (၂) လုံးပျက်စီးခဲ့ပြီး ဒေသခံ(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒေသခံစုစုပေါင်း (၂,၅၆၆) ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကေအဲန်ယူ-ဗဟိုက ဇန်နဝါရီလ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။