Home သတင်း ဒဏ်ရာရ စစ်ကောင်စီတပ်သား ပိုမိုများလာသဖြင့် ဖားအံ၊ တောင်ကလေးစစ်ဆေးရုံ၌ အရပ်သားများ ဆေးကုသမှုကို လက်မခံနိုင်တော့

ဒဏ်ရာရ စစ်ကောင်စီတပ်သား ပိုမိုများလာသဖြင့် ဖားအံ၊ တောင်ကလေးစစ်ဆေးရုံ၌ အရပ်သားများ ဆေးကုသမှုကို လက်မခံနိုင်တော့

771

ဇန်နဝါရီလ ၃ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့၊ တောင်ကလေး ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံတွင် ယခုတလော တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်သားများ ပိုမိုများလာ သဖြင့် အရပ်သားပြည်သူများအတွက် တက်ရောက်ဆေးကုသမှုများ လက်မခံနိုင် တော့ကြောင်း ဖားအံမြို့ခံများက ပြောသည်။

အဆိုပါ စစ်ဆေးရုံသည် ယခင်ကာလများတွင် စစ်ကောင်စီတပ်သားများနှင့် အရပ် သားပြည်သူများပါ တက်ရောက်ဆေးကုမှုများ ခွင့်ပြုခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်ကုန်ခါနီးတွင် အရပ်သားပြည်သူများကို တက်ရောက်ဆေးကုသမှုများ ရပ်ဆဲထားသည်ဟု အမည်မ ဖော်လိုသူ ဖားအံမြို့ခံ တစ်ဉီးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ကျနော်အဖေ ကျန်းမာရေး အရေးပေါ် ဖြစ်လာလို့ သွားတယ်၊ လက်မခံ တော့ဘူးတဲ့။ အရင်ကဆို ဖားအံ၊ လှိုင်းဘွဲ၊ ကောကရိတ်က လူတွေရော ရွာက လူတွေအပါ ဒီဆေးရုံမှာပဲ ဆေးလာကုကြတယ်။ ကလေးမီးပွားဖို့လည်း လာတက်ကြ တယ်။ အခုတော့ ဘာကြောင့် လက်မခံတော့လဲဆိုတာ ကျနော်မသိဘူး။ သူတို့က ဖားအံဆေးရုံကိုပဲ ပြန်ညွှန်းတယ်”ဟု ပြောသည်။

တောင်ကလေး စစ်ဆေးရုံသည် ယခင်ကာလများတစ်လျှောက် အရပ်သားပြည်သူက ဆေးကုသခွင့် ပြုထားသော်လည်း ယခုအချိန်မှ ဆေးကုသခွင့် မပြုတော့သည့် အကြောင်းအရင်းမှာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရလာသည့် စစ်ကောင်စီတပ်သားများ ပိုမိုများလာသည့်အတွက် စစ်ဆေးရုံတွင် လူနာမဆံ့ တော့သည့်အတွက်ကြောင့်ဟု တောင်ကလေး စစ်ဆေးရုံမှ နီးစပ်သူတစ်ဉီးက ပြောသည်။

“ ဆေးတပ်သားတွေပြောကြတာက လူနာထားဖို့ နေရာမရှိတော့ဘူးလို့ ကြားတယ်။ ရှေ့တန်းက တိုက်ပွဲတွေမှာ ရဲဘော်တွေ ထိခိုက်သူတွေ များလာလို့တော့ ကြားတယ်။ ဒါကြောင့် သူတို့ အရပ်သားတွေကို ဖားအံပြည်သူ့ဆေးရုံမှာပဲ သွားတက်ကြဖို့ ပြောတယ်”ဟု ထိုနီးစပ်သူက ပြောသည်။

ဖားအံမြို့အတွင်းရှိ ပြည်သူ့ဆေးရုံကြီးသည် ဆေးဝါးနှင့်ကျွမ်းကျင်ဆရာဝန်များ မလုံ လောက်မှုများရှိသည့်အတွက်ကြောင့်အရပ်သားပြည်သူများက ထိုပြည်သူ့ဆေးရုံကို မတက်ကြတော့သဖြင့် အခုလို တောင်ကလေး စစ်ဆေးရုံသို့ လာရောက် တက်ကြခြင်း ဖြစ်သည်ဟု ဖားအံမြို့ခံ သူနာပြု ဆရာမတစ်ဉီးကလည်း ပြောသည်။

၎င်းက “ဖားအံ ဆေးရုံကြီးမှာ အရင်တုန်းကကော ဘာဆေးဝါမှ မရှိ၊ ဆရာဝန်တွေလည်း မပြည့်စုံ၊ အခုချိန်ဆို ပိုဆိုးနေတာပေါ့ အလုပ်သင် ဆရာဝန်တွေပဲရှိကြတော့ ပြည်သူ တွေက စိတ်မချတော့ မတက်ချင်ကြတော့ လို့ပါ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းရုံး(KNU) ထိန်းချုပ်နယ်မြေဖြစ်ကြသည့် ကော ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သထုံနှင့် ဖာပွန်စသည့် နယ်မြေမှ စစ်ကောင်စီတပ်နှင့် ကရင်အမျိးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်နှင့်ပူးပေါင်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထိုတိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို စစ်ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာပြီး ဖားအံ၊ တောင်ကလေး အခြေစိုက်သည့် အမှတ်(၁၀) စစ်မြေပြင် ဆေးတပ်ရင်း(ကုတင် ၁၀၀)ဆေးရုံ၌ ဆေးကုသပေးလျက်ရှိ သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတုန်းကလည်း ထိုနယ်မြေအတွင်း တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားသဖြင့် တောင်ကလေး စစ်ဆေးရုံ၌ လူနာမဆံ့တော့ဘဲ ထိခိုက်ဒဏ်ရာရကြသည့် စစ်ကောင်စီတပ်သားများအား ဖားအံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသေးသည်။