Home သတင်း ကြာအင်းဆိပ်ကြီးနှင့် ချောင်းနှစ်ခွ ဆက်သွယ်ထားသည့် ဒါလီတံတားကြီး ပြိုကျပျက်စီးသွား၍ ခရီးသွား လာမှုပြတ်တောက်သွား

ကြာအင်းဆိပ်ကြီးနှင့် ချောင်းနှစ်ခွ ဆက်သွယ်ထားသည့် ဒါလီတံတားကြီး ပြိုကျပျက်စီးသွား၍ ခရီးသွား လာမှုပြတ်တောက်သွား

681
Photo: CJ

ဇန်နဝါရီ ၂၈ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ချောင်းနှစ်ခွ၊ မုဒုံမြို့သို့ ဆက်သွယ်ထားသည့် ဒါလီတံတားကြီး ယနေ့ နံနက်ပိုင်း ၂ နာရီကျော်အချိန်တွင် မိုင်းပေါက်ကွဲမှုကြောင့် တံတားချဉ်း ကပ်တစ် ဖက်ခြမ်း ပြိုကျသွားသည့်အတွက် ခရီးသွားလာမှုပြတ်တောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

သံပုရာရွာနှင့် ကမ်းပါးစောက်၊ ရွှေလင်းကျေးရွာကြားတွင် တည်ဆောက်ထားသည့် ဒါလီချောင်းကူး တံတားကြီးသည် ဇန်နဝါရီ ၂၅ ရက်တွင်တစ်ကြိမ် မိုင်းပေါက်ကွဲမှုကြောင့် အနည်းငယ်ထိခိုက်ပျက်စီး သွားပြီး ယနေ့နံနက်ပိုင်းအချိန်တွင်လည်း မိုင်း ၃ လုံး ထပ်မံပေါက်ကွဲသည့်အတွက် ရွှေလင်းကျေး ရွာဘက်ခြမ်း တံတားချဉ်းကပ်လမ်း ပြိုကျသွားပြီးဟု ခရီးသွားလာသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

“ ဒီမနက်ပိုင်းမှာ မိုင်း ၃ လုံးပေါက်ကွဲသံကြားတယ်။ တံတားတစ်ခြမ်းက ချောင်းထဲပြိုဆင်းသွားတယ်။ ဘယ်သူတွေဘယ်လို ရည်ရွယ်လုပ်တာတော့ မသိဘူးပေါ့နော်။ ကား၊ ဆိုင်ကယ်တော့ ဖြတ်မရတော့ဘူး။ ခရီးသည်တွေကတော့ ကြာအင်းထီ့ကရစ်ရွာလမ်းဘက် ကွေ့ပြီးသွားကြတယ်” ဟု ကြာအင်း ဆိပ်ကြီးမြို့ခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

Photo: CJ

အဆိုပါ ဒါလီတံတားကြီးအား မိုင်းထောင်ဖေါက်ခွဲမှုဖြစ်စဉ်အပေါ် မည်သည့်အစုအဖွဲ့များက မည်သို့ရည်ရွယ် လုပ်ဆောင်နေသည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစစ် စခန်းနေရာများတွင် လိုအပ်သည့် ရိက္ခာ၊ လက်နက်၊ စစ်ကူများအား အဆိုပါ ဒါလီတံတားမှတစ်ဆင့် ဖြတ်သန်းအသုံးပြု ပို့ဆောင်နေ လျက်ရှိသည်ဟု တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရှေ့တန်းတပ်စခန်းများအတွက် ရိက္ခာလက်နက် စစ်ကူများ အလွယ်တကူ ပို့ဆောင်နိုင်ရန် ယခင်စစ်အစိုးရလက်ထက်တွင် ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး ရေလမ်းခရီးမှ ၁၉၉ဝ ခုနှစ်နောက်ပိုင်းတွင် မရိကလ သံပုရာ ရွှေလင်း ကြာအင်းဆိပ်ကြီးသို့ ကုန်းလမ်းကြောင်း ဖောက်လုပ် ရာတွင် ယခင်ဒါလီတံတားကြီးအား ကြံ့ခိုင်ရေးအစိုးရလက်ထက်တွင် ပြန်လည်မွမ်းမံတည် ဆောက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။