ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီးမြို့နယ်) ၏ ၄၇ ကြိမ်မြောက် ၀င်းရော်ဒေသနယ်လုံးဆိုင်ရာ ကရင်ပရိယတ္တိ စာပြန်/စာဖြေပွဲတော်ကို ဖားပြရွာတောင်ခြေ ဓမ္မဝေဒဂူကျောင်း၌ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျင်းပနေသည့် ကရင်ပရိယတ္တိစာပြန်ပွဲတွင် ၀င်းရော်ဒေသ ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် မယ်သီလရှင်ကျောင်းများတွင် သီတင်းသုံးနေကြသည့် ရဟန်း ၊ ရှင်သာမဏေများ၊ မယ်သီလရှင်များနှင့် လူပုဂ္ဂိုလ် ၄၀၀ ကျော်တို့မှ မင်္ဂလာသုတ်၊ ပရိတ်ကြီး ၁၁ သုတ်၊ နမက္ကာ၊ နီတိ၊ ဆုံးမ၊ စမ္မစကြာ၊ ပစ္စယ နိဒ္ဒေသ၊ အနတ္တလက္ခဏ၊ ရှင်ကျင့်၀တ်နှင့် အခြားဗုဒ္ဓအဆုံးအမ စာပေကျမ်းများ လာရောက်ဖြေဆို ရွတ်ဖတ်ကြသည်ဟု စာချရဟန်းသံဃာတော်များထံမှ သိရသည်။
၀င်းရော်ဒေသနယ်လုံးဆိုင်ရာ ကရင်ပရိယတ္တိစာပြိုင်ပွဲတွင် ဗုဒ္ဓအဆုံးအမစာပေကျမ်းများအား အရှေ့ပိုးကရင်(လိက်ထူလီ)နှင့် စကောကရင် ၊ ပါဠိတို့ဖြင့် ရွတ်ဖတ်ဖြေဆိုကြသည်။
ထို့အပြင် ဗုဒ္ဓ၏အဆုံးအမလမ်းညွှန်မှုများအား ဟောကြားထားသည့် ၀ိနည်းသုတ္တန်၊ အဘိဓမ္မာ အစရှိသည့် ဓမ္မစရိယဘွဲ့အောင်မြင်သည့် ရဟန်းသာမဏေများကိုလည်း အဆိုပါစာပြိုင်ပွဲတွင် ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနားထည့်သွင်းကျင်းပပေးလျက်ရှိကြောင်း သိရသည်။




















