Home သတင်း ပြည်နယ် စစ်ကောင်စီဝန်ထမ်းများ လာဘ်ယူမှု၊ ငွေညှစ်မှုနှင့် ရုံးသုံးစရိတ်များမှတစ်ဆင့် ဝင်ငွေကောင်းနေ

ပြည်နယ် စစ်ကောင်စီဝန်ထမ်းများ လာဘ်ယူမှု၊ ငွေညှစ်မှုနှင့် ရုံးသုံးစရိတ်များမှတစ်ဆင့် ဝင်ငွေကောင်းနေ

615
Photo: CJ

ဇန်နဝါရီလ ၂၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် စစ်ကောင်စီ ၀န်ထမ်းတွေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လာဘ်ယူမှုများ၊ ငွေညှစ်မှုများ၊ ရုံးအသုံးစရိတ် ဘတ်ဂျက်ငွေများမှ တစ်ဆင့်၀င်ငွေ ကောင်းနေကြောင်း နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဖားအံမြို့နယ်အဆင့်၀န်ထမ်းများမှာ လာဘ်ယူမှုများ၊ ငွေညှစ်မှုများ၊ တရားမ၀င်လုပ်ငန်း များခွင့်ပြု ထားမှု၊ ရုံးအသုံးစရိတ်ဘတ်ဂျက် ငွေများမှတစ်ဆင့် ၀င်ငွေကောင်းနေကြပြီး နေထိုင်စားသောက် သွားလာမှုပုံစံပြောင်းလာနေကြောင်း စစ်ကောင်စီ၀န်ထမ်းများနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ လ၀ကတို့၊ ရဲတို့၊ ထွေအုပ်တို့ဆို တိုက်ဆောက်၊ ကားစီးပြီး အိမ်သစ် ခြံသစ်၀ယ်တာ၊ အိမ်ပတ် ခြာလည် CCtv တပ်ဆင်ထားပြီး နေတာထိုင်တာ ပုံစံပြောင်းလာပြီးတော့ သွားလာစားသောက်နေ တာတွေ တွေ့နေရတယ်။ စစ်ကောင်စီက ဖားအံမှာ တစ်နှစ်ပတ်လုံးပွဲလမ်းတွေ အခမ်းအနားတွေ မျိုးစုံ ဘတ်ဂျက်ထုတ်ပြီး သုံးနေတော့ အသုံးစရိတ် ဧည့်ခံကုန်ကျစရိတ်၊ ခေါင်းစဉ်မျိုးစုံကနေ ၀င်ငွေရနေ တာရယ်၊ ပြည်သူတွေရဲ့ ဆိုင်ကယ်ဖမ်း၊ ကားဖမ်း၊ လူဖမ်းပြီး ငွေညှစ်တာ၊ ရုံးအထောက်အထားလုပ်တာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းလုပ်တာ၊ တရားမ၀င်လုပ်ငန်းတွေကို ခွင့်ပြုအကာ အကွယ် ပေးထား တာကနေ လာဘ်ငွေတွေ ရနေတာတွေ ရှိနေတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်တွင်း မြို့နယ် ၇ ခုရှိသည့်အနက်မှ ၆ မြို့နယ်မှာ စစ်ကောင်စီပြုတ်ကျရေး တော်လှန် တိုက်ပွဲ၀င်နေကြသည့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားပြီး ဖားအံမြို့နယ်နှင့် ပြည်နယ် စစ်ကောင်စီအဖွဲ့ ရုံးဌာနများမှာ နယ်မြေကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း စစ်ကောင်စီ ဝန်ထမ်းနှင့် နီးစပ်သူများက ပြောသည်။

ထိုအခြေအနေကြောင့် စစ်ကောင်စီထောက်ခံသည့် ဒေသကျေးရွာအစုအဖွဲ့များမှ ဒေသခံများ၊ စစ်ကောင်စီပညာရေးဌာန၀န်ထမ်းများ၊ ကျောင်းသူ/ကျောင်းသားများဖြင့် တစ်နှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများ၊ သာသနာရေးဆိုင်ရာ အလှူအတန်းပွဲတော်များ၊ ဒေသတိုင်း ရင်းသားရိုးရာပွဲတော်များ၊ အောက်ခြေ၀န်ထမ်းများနှင့် တွေ့ဆုံထောက်ပံ့ပွဲများ၊ ယခင်NLD အစိုးရ လက်ထက် ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်း၊ တံတား၊ ကျောင်း၊ ရုံး၊ ဆေးခန်းအဆောက်အဦးဖွင့်ပွဲများကို တစ်နှစ်ပတ်လုံးလုပ်ဆောင်နေသည်ကိုသာအသားပေးထုတ်လွှင့်နေသည့် MRTV/ မြ၀တီသတင်းများတွင် တွေ့မြင်နေရကြောင်း ဖားအံမြို့ခံများက ပြောသည်။

“စစ်တပ်လူကြီးအုပ်စုတွေက ဖားအံမှာ အေးချမ်းနေတယ်၊ စည်ကားနေတယ်၊ ပုံမှန်ဖြစ်နေ တယ်ဆို တာမျိုးကို ပုံစံမျိုးစုံနဲ့ ငွေကုန်ခံပြီး သူတို့ထောက်ခံပြီး အလုပ်ဆက်လုပ်နေတဲ့၀န်ထမ်းတွေနဲ့ နေ့တိုင်း တစ်ခုမဟုတ် တစ်ခု၊ တစ်ပွဲမဟုတ် တစ်ပွဲလုပ်နေတယ်၊ စစ်တပ်အဘတွေ ခိုင်းတာလုပ်ချင်လည်းလုပ် ၊ မလုပ်ချင်လည်း လုပ်ပေးနေရတဲ့ ဖိအားတော့ ရှိတယ်။ ရုံးလုပ်ငန်းကတော့ ဌာနဘတ်ဂျက် ခွဲတမ်းတွေ၊ လာဘ်ငွေတွေရနေတော့ မလုပ်ချင်လည်း ဆက်လုပ်နေရတယ်”ဟု စစ်ကောင်စီ၀န်ထမ်းတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက် ဒေသအုပ်ချုပ်မှုအနေအထားမှာ မြို့နယ် မြို့ပေါ် ရပ်ကွက် အနီးအပါး၀န်းကျင်ဒေသများကိုသာ စစ်တပ်လုံခြုံရေး တင်းကြပ် စစ်ဆေးမှုများဖြင့် အုပ်ချုပ်ခွင့်ရနေသည့်အနေအထားတွင်ရှိနေပြီး ပြည်နယ်အတွင်း ရပ်ကျေးနယ်မြေများအားလုံးနီးပါးတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် ဒေသခံကျေးရွာ သားများနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့်အရေအတွက် ပိုမိုမြှင့်တက်လာနေကြောင်း သိရသည်။