ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေး-လမိုင်းမြို့နယ် မော့ကနင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၁၇)အမြှောက်တပ်ရင်းအနီး၌ ယနေ့ နံနက်(၉)နာရီအချိန်တွင် ကျောင်းပို့ပြီးပြန်လာသည့် စစ် ကောင်စီတပ်(၆)ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်း ဆည်း ရမိကြောင်း ရေးပြောက်ကြားအဖွဲ့(YGF) ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ကေအိုင်စီသို့ ပြော သည်။
ကျောင်းသားများပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး စီးနင်းလာသော ဆိုင်ကယ်(၃)စီးကို (YGF)တပ်ဖွဲ့ဝင်များက (၅)မိနစ်ခန့် စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား(၅)ဦး ၎င်းနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၁)ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း စောခေတ်သစ်က ယခုလို ပြောသည်။
“ကျန်တဲ့တစ်ကောင်က မလွတ်ဘူး ထိတယ်။ မသေသေးတော့ ခုခံပြီးပစ်နေတာ။ သေတော့ သေမယ်ထင်တယ်။ ဆိုင်ကယ်တွေတော့ မီးရှို့မမီလိုက်ဘူး။ သေနတ်(၃)လက်ပဲ ကောက်မှီလိုက်တယ်။ တပ်နဲ့လည်းနီးနီးလေးပဲ။ လက်နက်ကြီးက မနက်ကနေ နေ့လည်လောက်ထိကိုထုနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ လျှပ်တစ်ပြတ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်၏ အမြှောက်တပ်မှ ၎င်းပစ်ခတ်မှု ဖြစ်ပွားရာနေရာအတွင်းသို့ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုများနှင့် စစ်ကူအင်အားများ ဖြည့်တင်းလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“အမတ ၃၁၇ အနီးမှာဖြစ်တဲ့အတွက် လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တာရယ်၊ စစ်ကူ တွေတက်လာတာ ကြောင့်ရယ်၊ လက်နက်သုံးလက်ကိုသာကောက်နိုင်ခဲ့ပြီးတော့ တပ်ဖွဲ့ဝင် ထိခိုက်မှုရှိမှာစိုးတာကြောင့် ဆုတ်မိန့်ပေးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်”ဟု စောခေတ်သစ်က ဖြည့်စွက်ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာအခြေစိုက်(င)အဆင့် နယ်မြေ ရဲစခန်းကို (YGF)အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်ရဲတပ်ဖွဲ့ဝင် ၃ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း YGF ဘက်က သတင်းထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၁)ရက်နေ့တွင်လည်း မွန်ပြည်နယ် လမိုင်းမြို့နယ် နှစ် ကရင်ကျေးရွာရဲစခန်းကို ရေးပြောက်ကျား(YGF)တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲများထွက်ပြေးသွားကာ စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။



















