ဇန်နဝါရီ ၂၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီးမြို့နယ်) ကြိမ်ချောင်း(လေးဝါးဖလို့)ရွာတွင် အခြေစိုက်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) အဖွဲ့၏ အမှတ် ၂ စစ်နည်းဗျူဟာဌာနချုပ်နေရာကို ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားသည်ဟု တာဝန်ရှိများထံမှ သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် DKBA အဖွဲ့၏ မိသားစုနေအိမ်နှင့် ရုံးအဆောက်အဦးအချို့ မီးလောင်ပျက်စီးမှုရှိပြီး ၎င်းတို့အဖွဲ့၏ အခမဲ့လူထုကျန်းမာရေး ဆေးခန်းနေရာအနီးနှင့် ကျေးရွာ ဘုရားရှိခိုးကျောင်းအနီးတို့ ဗုံးကျရောက် ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှု ရှိသည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
“ ညက ၁ နာရီအချိန်မှာ လာပြီးဗုံးကြဲသွားတယ်။ DKBA စခန်းနေရာတစ်လုံး၊ ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ခွဲစိတ်ခန်းအနီးမှာတစ်လုံး၊ ကျေးရွာဘုရားကျောင်းအနီး ကျောက်တောင်မှာတစ်လုံး ဗုံးလာကြဲချတယ်။ ဂိတ်အဝင်နဲ့ သင်တန်းကွင်းမှာလည်း ကြဲတယ်။ အားလုံး ၆ လုံးလောက်ရှိမယ်။ လူတစ်ဦးတော့ နည်းနည်းရှထိ သွားတယ်” ဟု ကြိမ်ချောင်းရွာ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကြိမ်ချောင်းရွာနှင့် DKBA စခန်းနေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီမှ လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကျေးရွာလူထုအများစု အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်း ရှောင်နေကြရသည်ဟု သိရသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အပေါ် ဒီမိုကရေစီအ ကျိုးပြုကရင့်တပ်မတော် တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ် မေးမြန်းမှု မရသေးသည့်အတွက် ထိခိုက်ပျက်စီးမှုအသေးစိတ်အား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဗုံးကြဲတိုက်ခိုက်ခံရသည့် DKBA ၏ အမှတ် ၂ စစ်နည်းဗျူဟာဌာနချုပ်ကို ဗိုလ်မှူးကြီးစောအေဝမ်းမှ ဦးဆောင်လျက်ရှိပြီး COVID-19 ရောဂါကာလမှစ၍ KNU ဒူးပလာယာခရိုင်းအတွင်းရှိ ဌာနေလူထုများ၏ ကျန်းမာရေးအတွက် ၎င်းတို့အဖွဲ့မှ ကြိမ်ချောင်းရွာတွင် ပြည်သူ့ကျန်းမာရေးဆေးခန်းအား ဖွင့်လှစ် ထားကာ ယနေ့အချိန်ထိ အခမဲ့ဆေးကုသပေးနေလျက်ရှိသည်ဟု ကျေးရွာလူထုများထံမှ သိရသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်-NCA လက်မှတ်ရေးထိုးထားသည့် ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ စစ်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း ၎င်းတို့အဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ စောစတီးမှ မကြာခဏ သွားရောက်တွေ့ဆုံမှုပြုလုပ်လေ့ရှိသည်။




















