Home သတင်း စစ်ကောင်စီတပ်သားများက ရွာရှိနေအိမ်များကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ပြီး ဒေသခံ ၁၅ ဦး ကို ဖမ်းဆီးထား

စစ်ကောင်စီတပ်သားများက ရွာရှိနေအိမ်များကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ပြီး ဒေသခံ ၁၅ ဦး ကို ဖမ်းဆီးထား

654
Photo: CJ

ဇန်နဝါရီလ ၂၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာရှိ ပြည်သူနေအိမ်များကို ယမန်နေ့ ဇန်နဝါရီလ ၁၉ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ဒေသခံအရပ်သား ၁၅ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှပ်ပုံ ကျေးရွာရှိ နေအိမ်(၃)အိမ်ကို မီးရိူ့ဖျက်ဆီးပြီး ဒေသခံ ၁၅ဦး ကိုလည်း ဖမ်းဆီးထားကာ ယနေ့နံနက်အချိန်အထိလည်း တပ်စွဲထားသောကြောင့် ကျေးရွာရှိ ဒေသခံ ၅,၀၀၀ ခန့်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ဘာပစ်ခတ်မှုမှ မရှိဘဲ အကြောင်းမဲ့ ဝင်ရှို့တာ။ နေ့လည် ၁၁နာရီလောက်ကစရှို့တာ။ ရွာသားတွေကတော့ လောလောဆယ် ရှောင်နေရတုန်းဘဲ။ အခုချိန်ထိတော့ ရွာသား၁၅ဦး ဖမ်းခံထိထားတယ်။ ပြန်မလွှတ်လာသေးဘူး။ လူသားဒိုင်းကာ သဘောမျိုးနဲ့ဖမ်းထားတာ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမရှိသေးဘူး။ ရွာထဲက ဒလန်လက်ညိုးညွှန်ရာ မီးရှို့တာ။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာရှိနေအိမ် ၃ လုံးကိုမီးရှို့ဖျက်ဆီးသည့်အပြင် ကျေးရွာရှိ ကျန်ရှိနေသော နေအိမ်များကိုလည်း ဖောက်ထွင်းကာ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခဲ့ကြကြောင်း၊ ရှပ်ပုံကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာသူကျေးရွာသားများအနေဖြင့် လတ်တလောတွင် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ရှပ်ပုံ ဒေသခံတစ်ဦးက “နေအိမ်ကတော့ ၃ လုံးလောက်မီးထဲပါသွားတယ်။ ပြီးတော့ ရွာထဲက အိမ်တော်တော်များများကို ဖောက်ပြီးတော့ တန်ဖိုးကြီး ပစ္စည်းတွေယူတယ်။ ပြီးတော့ သေနတ် တွေကို၊ ပစ်ချင်သလိုပစ်နေကြတယ်။ ဖမ်းခံထိတဲ့ သူတွေတော့အခုထိ မလွှတ်လာသေးဘူး။ စားနပ်ရိက္ခာကတော့ အဓိက လိုအပ်နေတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ခင်းအပိုင်းထိ ကျေးရွာအတွင်း တပ်စွဲထားလျက်ရှိပြီး၊ ကျေးရွာကို မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ မရှိဘဲ အကြောင်းမဲ့ ခြောက်လှန့် ပစ်ခတ်မှု လုပ်ဆောင်ခဲ့သေးကြောင်းလည်း ဒေသတွင်း သတင်းအရင်းမြစ်များက ဆိုသည်။