Home သတင်း ကမမောင်းနယ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများအား စစ်ကောင်စီက အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေ

ကမမောင်းနယ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများအား စစ်ကောင်စီက အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေ

863
Photo: Crd.

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲတွင် ကျောင်းသွားမတက်ကြသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများအား ကျောင်းသွားရန် စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က ၎င်းတို့ထိန်းချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများ စစ်ကောင်စီနှင့် မပူးပေါင်းကြဘဲ ရာထူးမှအမြန်ဆုံးနုတ်ထွက်၊ ထွက်ခွာ ပေးရန် ထုတ်ပြန်ထားပြီးနောက်ပိုင်း ပညာရေးဝန်ထမ်းများ၊ ကျောင်းသားများက ကျောင်းမသွားကြတော့သဖြင့် ကျောင်းပြန်တက်ရန် စစ်ကောင်စီမှ ယခုလို ဖိအားပေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဝန်ထမ်းတွေက ကျောင်းမတက်ဘဲ ပုန်းရှောင်ကြတော့ စစ်တပ်က အိမ်တိုင်ရာရောက်လာပြီး အတင်း အကြပ်ကျောင်းပြန်သွားခိုင်းတယ်။ အဲ့ဒါကို လက်မခံနိုင်တဲ့သူတချို့က လွတ်ကင်းတဲ့နေရာကို ပြေးကြတယ်။ ကျောင်းသားမိဘတွေက ကလေးတွေကိုကျောင်းထားဖို့ အခြေအနေမရှိတော့ ကလေးတွေအိမ် လိုက်ပြီးတော့လည်း စည်းရုံးတယ်၊ ကျောင်းပြန်တက်ဖို့ တွန်းအားပေးကြတယ်။ အခု လက်ရှိကတော့ ဆယ်တန်း တွေဖြေဖို့ ကျောင်းမဖွင့်မနေရဆိုပြီး တွန်းအားပေးနေကြတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီ၏ ထိုကဲ့သို့လုပ်ဆောင်မှုများကြောင့် အချို့သောပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူ များမှာ ကျောင်းပြန်တက်နေကြပြီဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် စစ်ကောင်စီက လုံခြုံရေးယူထားကာ ကျောင်းပြန်မသွားကြသော ပညာရေးဝန်ထမ်းတစ်ချို့မှာ လွတ်ကင်းရာသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံကျောင်းဆရာမတစ်ဦးက ပြောသည်။

၎င်းက “ကျမက ကြေညာချက်အတိုင်း ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျောင်းသွားခဲ့ပြီး နောက်ပိုင်းက တည်းက ပြန်မသွားတော့တာ။ ရွေးကောက်ပွဲနဲ့ဆယ်တန်းစောင့်ဖို့အတွက် ဖိအားပေးလာမှာကို ကြောက် တယ်လေ။ အဲဒီတော့ ကြောက်လို့ပြေးရင်းပြေးရင်းနဲ့ ပိုဝေးတဲ့ဆီရောက်လာတာပဲ။ ကျောင်းအုပ်ကြီးကတော့ ဆက်သွယ်တယ်။ သူတို့ လုံခြုံရေးယူပေးတယ်ဆိုတာကလည်း သေနတ်ကြီးတွေထောင်ပြီး ဖုန်းပဲပွတ်နေကြတာပါ။ တချို့ဆရာ၊ ဆရာမတွေတော့ သွားတက်ကြတယ်။”ဟု ပြောသည်။

ထို့အပြင် ဖာပွန်မြို့မှပြောင်းရွှေ့လာသော ပညာရေးဝန်ထမ်းအချို့မှာ အခြေအနေကိုသိရှိထားသောကြောင့် ကျောင်းမတက်ရဲကြသော်လည်း မိမိတို့ကိုယ်ပိုင်နေအိမ်မဟုတ်ဘဲ အစိုးရဝန်ထမ်းအိမ်ရာများတွင် နေထိုင်ရသည့်အတွက် စိုးရိမ်ကြောက်လန့်နေရပြီး ညအိပ်မနေရဲကြောင်း ဖာပွန်မြို့တွင် တာဝန်ကျ နေသူ ကျောင်းဆရာမတစ်ဦးကလည်း ယခုလို ပြောသည်။

“တချို့ အိမ်နီးတဲ့ဝန်ထမ်းတွေဆို ကျောင်းပိတ်ထားတဲ့အချိန် အိမ်ပြန်နေတယ်။ ကျမတို့ကျတော့ ဖာပွန် လည်းပြန်လို့မရဘူးလေ။ နီးစပ်ရာမှာလည်း ဆွေမျိုးကမရှိဘူး။ နေစရာမရှိတော့ ဝန်ထမ်းအိမ်ယာမှာ နေ့ဘက်တော့သွားနေပေမယ့် ညဘက်ဆိုကျမ မအိပ်ရဲလို့ အသိမိတ်ဆွေအိမ်မှာပဲ သွားအိပ်ရတယ်။” ဟု ၎င်း ကျောင်းဆရာမက ပြောသည်။

(KNLA)တပ်မဟာ ၅ က ၎င်းတို့၏ထိန်းချုပ်နယ်မြေများဖြစ်သော ဖာပွန်မြို့၊ ကမမောင်းမြို့နယ်ခွဲနှင့် ဆက်စပ် သည့်ရပ်ကွက်များ၊ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ အခြားအရပ်ဒေသမှလာသည့်ဝန်ထမ်းများ၊ မြို့နယ်နှင့်ရပ်ကွက်အလိုက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားတွင် ပူးပေါင်းခြင်းမပြုရန်၊ အလုပ်တာဝန်များမှ နုတ်ထွက်စွန့်ခွာရန် ဇန်နဝါရီလ(၁)ရက်နေ့ရက်စွဲဖြင့် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။