Home သတင်း ကော့ကရိတ်-ကျုံဒိုးစစ်ကောင်စီ၊ BGF ပူးပေါင်းအခြေချနေရာများ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမည့်အရေး စိုးရိမ်နေ

ကော့ကရိတ်-ကျုံဒိုးစစ်ကောင်စီ၊ BGF ပူးပေါင်းအခြေချနေရာများ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမည့်အရေး စိုးရိမ်နေ

613

ဇန်နဝါရီလ ၂၄ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကော့ကရိတ်-ကျုံဒိုးဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်းများ၊ ကရင်နယ်ခြားစောင့်တပ် -BGF နှင့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကင်းစခန်းများတွင် တာ၀န်ကျနေသူများ တော်လှန်ရေး ပူးပေါင်း တပ်များ တန်ပြန်တိုက်ခိုက်နေသည့် ဒရုန်းဗုံးကြဲချတိုက်ခိုက်မှု မကြာခဏ တိုက်ခိုက်ခံနေရသည့် အတွက် အချိန်ပြည့် စိုးရိမ်ထိတ်လန့်နေကြရကြောင်း စစ်တပ်အသိုင်းအဝိုင်း၏ သတင်းအရင်းအမြစ်က ပြောသည်။

“ကျုံဒိုး ၅၄၅/၅၄၆ တပ်တွေ၊ ကျုံဒိုးမီးပုံပွဲစောင့်တဲ့ BGF တွေ၊ ကော့ကရိတ် ၉၇တပ်၊ အောက်ဘိုတဲ၊ တောင်သုံးလုံး၊ ချောင်းသောင်ကျောင်းက တပ်တွေတော်လှန်ရေးအဖွဲ့တွေ ဒရုန်းချတာကို အချိန်ပြည့် ကြောက်နေကြတယ်၊ ဒရုန်းဗုံးကြောင့်သူတို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ နေ့ရော/ညရော တော်လှန်ရေး အဖွဲ့တွေရှိနေတယ် ထင်တဲ့ ရွာတွေဘက်လက်နက်ကြီး ခြောက်လှန့်ပစ်ထုတ်တယ်၊” ဟု အမည်မဖော်လိုသူ စစ်တပ်နှင့်နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ရက်နေ့ ကျုံဒိုး မီးပုံပွဲ ကျင်းပသည့် ပွဲတော်ကွင်း နေရာတွင် BGF ခွင့်ပြု ချက်ဖြင့် လောင်းကစားဝိုင်းများ ပြုလုပ်နေသည့်နေရာအား တော်လှန်ရေးဒရုန်းအဖွဲ့များက ဗုံးသီးချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးကြောင်း အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ဆက်ပြောသည်။

“အခု ၂၇ ရက်လုပ်မယ့် မီးပုံပွဲတော်နဲ့ ဂျပန်ဆောက်ပေးနေတဲ့ ဂျိုင်းတံတား ဖျက်ဆီးခံရမှာ ကြောက် နေကြတယ်၊ အင်အားတိုးပြီး စောင့်ကြပ်နေကြတယ်” ဟု စစ်တပ်နှင့်နီးစပ်သူက ပြောသည်။

ထို့အပြင် မနေ့ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းလည်း ကော့ကရိတ် ရန်ကုတ်ကျေးရွာဘက်သို့ စစ်ကြောင်း ထွက်လာသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်မှုရှိခဲ့သလို ကျုံဒိုး BGF တပ်ဖွဲ့ အခြေချနေ သည့်နေရာအား ဒရုန်းဗုံးကြဲချမှုများ လုပ်ဆောင်မှုကြောင့် ရှောင်တိမ်းနေထိုင်နေရကြောင်း ကျုံဒိုးဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းက “အခုရက်ပိုင်းတွေမှာ ကျုံဒိုးဘက်၊ ကော့ကရိတ်ဘက်တွေ ဒရုန်းတွေ ချတယ်၊ တပ်ကကောင်တွေ လက်နက်ကြီးရမ်းပစ်တယ်၊ အခုမနက်လည်း ကမ်းနီ၊ ကမ္မရိုက်၊ မိဂလုံရွာတွေဘက် ပစ်ထုတ်နေတယ်၊ ကော့ကရိတ်ဘက်လည်း ၉၇ တပ်က ပစ်ထုတ်တယ်၊ ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ရက်ပိုင်းများအတွင်း မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသလမ်းပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲကြီးများ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်တည်ရှိရာနေရာများသို့ တော်လှန်ရေးပူးပေါင်းအဖွဲ့ များဘက်မှ ဒရုန်းဖြင့်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ ဒရုန်းတပ်ဖွဲ့ များက ထုတ်ပြန်ထားခြင်းရှိသည်။