Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကမ်းနီ-ညောင်ရိပ်သာဒေသခံများ ကျုံဒိုးဘက်ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူးစစ်ရှောင်

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကမ်းနီ-ညောင်ရိပ်သာဒေသခံများ ကျုံဒိုးဘက်ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူးစစ်ရှောင်

884
Photo: CJ

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ခွဲ ကျုံဒိုး- ဂျိုင်းမြစ် တစ်ဖက်ကမ်း ကမ်းနီ -ညောင်ရပ်သာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်နေသည့်အတွက် ဒေသခံများ ကျုံဒိုးဘက်ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူး စစ်ရှောင်ခိုလှုံလာနေကြကြောင်း သိရသည်။

ကျုံဒိုးအခြေစိုက် ခြေလျင်တပ်ရင်း -ခလရ ၅၄၅/၅၄၆ များမှ ကျုံဒိုး-ဂျိုင်းမြစ် တစ်ဖက်ကမ်းရှိ ကမ်းနီ-ညောင် ရိပ်သာကျေးရွာဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများ ကျုံဒိုး ဘက်ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူး စစ်ရှောင်ခိုလှုံလာနေ ကြပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေအိမ်များ ပျက်စီးထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ညဘက် /နေ့ဘက်တွေ ဆက်တိုက်ပစ်နေတာ အခုမနက် အထိပဲ။ ညောင်ရပ်သာရွာထဲ အိမ်တွေ ကျပေါက်နေတော့ လူတွေကျုံဒိုးဘက် တက်ပြေးကြပြီ။ သူတို့ ပစ်ထုတ်နေတာ မိဂလုံ၊ ကမ်းနီ၊ ကမ္မရိုက်၊ ကျောက်ဖျာဘက်တွေ အရင်ရက်တွေက လက်နက်ကြီး ပစ်ထုတ်နေတာမှာ ရွာသားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်၊ ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင်လည်း ဖားအံမြို့မှ မီးသတ်ကယ်ရေးလုပ်ဆောင်နေသော စက်လှေများကို ကားဖြင့် သယ်ဆောင်လာသလို ကျုံဒိုးမြို့တွင်းနှင့် ကမ်းနားပိုင်းများတွင် စစ်ကြောင်းများ လှည့်ပတ်နေသည့်အတွက် တိုက်ပွဲများ ဆက်ဖြစ်လာမည်ကို စိုးရိမ်နေရသည်ဟုလည်း ၎င်းကျုံဒိုး ဒေသခံက ဆက်ပြောသည်။

ကျုံဒိုးမြို့၌ လာမည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် နယ်လုံးကျွတ် ရိုးရာမီးပုံပွဲတော်အား ကျင်းပရန် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGFတပ်နှင့် အပစ်ရပ်ကရင်ငြိမ်းချမ်းရေးကောင်စီ -PC တပ်များက လောင်းကစားဝိုင်းများ ထည့်သွင်းကာ ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။

Photo: CJ

ထိုသို့ပြင်ဆင်နေချိန် ကျုံဒိုးအနီးအနား ကျေးရွာများဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်ခံရမည့်အခြေအနေအပေါ် လက်နက်ကြီးများ နေ့/ည ပစ်ခတ်နေရာမှ ယနေ့နံနက် ဂျိုင်းမြစ်တစ်ဘက်ကမ်း ကမ်းနီ-ညောင်ရပ်သာ ကျေးရွာဘက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်လာသူ ဒေသခံများက ပြောစကားအရ သိရသည်။

“ကျုံဒိုး ရပ်ကွက်တွေလည်း စစ်တပ်က စစ်ကြောင်းပတ်ရင်းရှောင်ခိုင်းနေပြီ တပ်ကရော၊ BGF တွေရော ကျုံဒိုး စျေးပိုင်း၊ ကမ်းနားပိုင်း၊ ဂျပန်တံတားပိုင်းက အလုပ်ဆိုဒ်ဘက်တွေမှာ အင်အား အများအပြားရောက်နေတယ်။ အရပ်သားတွေက လေယာဉ်လာဗုံးကြဲမှာ၊ လာပစ်မှာ ကြောက်နေကြတယ်။ ရှောင်စရာကလည်း မရှိဘူး။ ဘုန်းကြီးကျောင်းအောက်၊ တိုက်အိမ်အောက်တွေမှာ ၀င်ခိုနေကြတယ် ”ဟု ကျုံဒိုး ကမ်းနားပိုင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘုရားသုံးဆူ မြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးစစ်ရှောင်ရသူအရေအတွက် ယခုရက်ပိုင်းအတွင်း ပိုတိုးလာနေကြောင်း စစ်ရေးနယ်မြေအတွင်း ကူညီနေသူများပြောစကားအရ သိရသည်။

ပြည်တွင်း‌နေရပ် စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ကော်မတီ -CIDKP ၏ ကောက်ခံထားသည့် စာရင်းအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄ သိန်းကျော်ရှိသည်ဟု သိရသည်။