Home သတင်း Karen National Union Kyaukkyi Facebook Page သည် ငွေလိမ်လည်တောင်းသည့် Page အတုဖြစ်ဟု KNU ထုတ်ပြန်

Karen National Union Kyaukkyi Facebook Page သည် ငွေလိမ်လည်တောင်းသည့် Page အတုဖြစ်ဟု KNU ထုတ်ပြန်

1362

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ ကျောက်ကြီးမြို့နယ် အမည်ခံပြီး Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Page အတုထောင်ကာ အလှူရှင်များထံ ငွေများလိမ်လည်တောင်းသည့် Karen Nation Union Kyaukkyi Facebook Page တစ်ခုသည် ကေအဲန်ယူ-သတင်းနှင့် ပြန်ကြားရေးဌာန လက်အောက်တွင်ရှိသည့် Page မဟုတ်ကြောင်း ကေအဲန်ယူက ဒီဇင်ဘာလ (၈)ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ Karen National Union Kyaukkyi ဟူသော Facebook Page သည် စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးမှ ထောင်ထားသည့် Page ဖြစ်ပြီး ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှ ဖွင့်ထားသည့် သယောင်ဖြင့် ပြည်တွင်းပြည်ပရှိ ကရင်လူထုများထံလိမ်လည်ကာ ငွေကောက်ခံနေခြင်းဖြစ်သည်ဟု KNU က ပြောသည်။

အများစိတ်ဝင်စားမှုရှိရန် Blue Mark ရထားသည့် ကေအဲန်ယူ တရားဝင် Page ဖြစ်သည့် Karen National Union သတင်းများကို နေ့စဉ်ကူးယူ ပြန်တင်သည့်အပြင် ညောင်လေး ပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်၊ ရွှေကျင်(ဆောထိ) မြို့နယ် အတွင်းတိုက်ပွဲ သတင်းနှင့် အခြားသတင်းဌာမှ သတင်းများကို နေ့စဉ်ဖော်ပြနေသည်ကို တွေ့ရှိနေရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ဒုတာဝန်ခံ စောယွာခွီးဒူးက “အဲဒီ Page ကညောင်လေးပင်ခရိုင် Page မဟုတ်ဘူး။ အလှူရှင်တစ်ယောက်မေးရင် မှတ်ပုံ တင်နံပါတ်မျိုးပေးတယ်။ နောက်အလှူရှင်တစ်ယောက်က မေးတော့ PC ပုံပါတဲ့ကဒ်ကို ပြတာရှိတယ်။ ပြီးတော့ သူတို့က လုပ်တာတစ်ယောက်ထဲ မဟုတ်ဘူး။ မနေ့က ကျနော် တို့ KNU page မှာ အဲဒါနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ထုတ်တော့ ဝိုင်း Report ထုတာ အဲသတင်းထုတန်ပြန်ချက်က ပြုတ်သွားတာရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပြည်သူအများစုသည် လူမှုကွန်ရက်စာမျက်နှာကိုသာ အားကိုးအသုံးပြုကြသည့်အတွက် သတင်းမှားသတင်းတုများကို သုံးသပ် ဖတ်ရှုရန်လိုအပ်သလို အလှူရှင်များအနေဖြင့်လည်း အလှူငွေများထည့်ဝင်သည့် အခါတွင် အလှူငွေဆုံးရှုံးမှုမရှိစေရန် သေချာလေ့လာစုံစမ်းရန်လိုအပ်ကြောင်းလည်း ကေအဲန်ယူ သတင်းနှင့် ပြန်ကြားရေးဌာန ဒုတာဝန်ခံက ဖြည့်စွက်ပြောသည်။

ထိုအပြင် အဆိုပါ Facebook Page ကို ဆက်သွယ်ပြောဆိုကြည့်သည့်အချိန်တွင် Mytel Sim Card များကို အသုံးပြုသည့်အပြင် ၎င်းသည် KNU တပ်မဟာ(၃) နယ်မြေထဲကို စစ်ဆင်ရေးထွက်နေရကြောင်း အပွင့်တပ်ပြန်လည်ပြောမှုများရှိသည့်အတွက် ထို Page သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုင်သည့် Page ဖြစ်သည်ဟု ပြောဆိုနိုင်ကြောင်း KNUဘက်က ဆိုသည်။

အဆိုပါ လိမ်လည်ငွေတောင်းသည့် Facebook Page သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊ မေလ ၁၀ ရက်နေ့မှ စတင် ထောင်ထားသည် Page တစ်ခုဖြစ်ပြီး People defense force kyauktada အမည်ဖြင့် ထောင်ထားပြီးနောက် ဇွန်လ ၁၅ ရက်နေ့တွင် KNU PDF Tawoo၊ ဇူလိုင် ၅ရက်နေ့တွင် ကျောက်ကြီးမြို့နယ် ဂရုဏာရှင်စစ်ဘေးရှောင် ကူညီ ထောက်ပံ့ရေး၊ နိုဝင်ဘာ ၂၀ရက်နေ့တွင် KNU- PDF Kyaukkyi ကျောက်ကြီးနှင့် ဒီဇင်ဘာလ (၄)ရက်နေ့တွင် Karen Nation Union Kyaukkyi ကျောက်ကြီးစသည့် Page နာမည်အမျိုးမျိုးနှင့် ပြောင်းလဲဖွင့်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ပြောဆိုထားသည်။

လိမ်လည်ငွေတောင်းပြီး Page အတုဖြစ်သည့် Karen Nation Union Kyaukkyi ၏ Cover ဓာတ်ပုံသည် သင်တန်းတက်နေသည့် ကေအဲန်ယူ စစ်သားများပုံကို အသုံးပြု တင်ထားကာ Page like ထားသူ ၅၉၀ ကျော်နှင့် Follower လုပ်ထားသူ ၁,၀၀၀ ကျော်ရှိ သည်ဟု တွေ့ရှိရသည်။