Home သတင်း လူ့အခွင့်အရေးနေ့အပေါ် အမှတ်တရစကား

လူ့အခွင့်အရေးနေ့အပေါ် အမှတ်တရစကား

856

လူ့အခွင့်အရေးအနေ့အပေါ် အမှတ်တရစကား

မြန်မာနိုင်ငံတွင် တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူပြီးနောက် ကရင်ဒေသအတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့် အရေးချိုးဖောက်မှုအခြေအနေနှင့်ပတ်သက်ပြီး ယခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့တွင် ကရင်လူမှုအဖွဲ့အစည်း ခေါင်းဆောင် အချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

နော်စေးစေးဟဲ(ကရင်အမျိုးသမီးအစည်းအရုံး- KWO ၊ အတွင်းရေးမှူး-၂)
လတ်တလောမှာတော့ ဒေသတွင်းမှာ ပြည်သူလူထုတွေ တွေ့ကြုံခံစားရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက အများကြီးရှိတယ်။ အခုချိန်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးတာ၊ နေရပ်စွန့်ခွာထွက်ပြေးတာ၊ အိမ်တွေမီးရှို့ ဖျက်ဆီးတာတို့ ၊ အမျိုးသမီးဆိုလည်း ပေါ်တာဆွဲတာ၊ အကြမ်းဖက်မှု အမျိုးမျိုး ပေါ့နော် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးခံစားရတယ်။

အရင်ကဆိုရင် ဆိုးရွားတာတော့ ဆိုးရွားတယ်။ ဒါပေမဲ့ အခုက အရင်က ထက်ပိုပြီးဆိုးရွားလာတယ်။ အရင်က တိုက်ပွဲဖြစ်ရင် များသောအားဖြင့် ခြေလျင်နဲ့တိုက်ပွဲပဲ များတယ်။ အခုဆိုရင် လက်နက်ကြီးပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာ အများဆုံးဖြစ်တယ်။

များသောအားဖြင့် ကလေး၊ အမျိုးသမီးငယ်နှင့် သက်ကြီးရွယ်အိုတွေက လူ့အခွင့်အရေးချိုးဖောက်မှု အခံရဆုံးပေါ့နော်။ လူ့အခွင့်အရေးချိုးဖောက်မှု ပပျောက်ဖို့က များသောအားဖြင့် အသိပညာပေးဖို့လိုတယ်။ လူ့အခွင့်အရေးကိုချိုးဖောက်တဲ့လူကိုလည်း ထိရောက်တဲ့ အပြစ်ပေးအရေး ယူမှုတွေလည်း လုပ်ဖို့လိုတယ်။ အရေးယူနိုင်အောင် မှတ်တမ်းမှတ်ရာတွေ သေသေချာချာ ပြုစုရမယ်၊ ရယူရမယ်။ ဒီချိုးဖောက်တဲ့လူတွေ အာဏာရှင်ပဲဖြစ်ဖြစ်၊ စစ်အာဏာရှင်ပဲဖြစ်ဖြစ် ချိုးဖောက်လာရင် ထိရောက်တဲ့ အပြစ်ပေး အရေးယူမှု ရှိရမယ်။

စောနန္ဒဆူး(KHRG -စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ)
ပြောရမယ်ဆိုရင် ဟိုအရင် ပဋိပက္ခကာလကတည်းက ၂၀၁၀ ခုနှစ်နဲ့ ၂၀၂၀ခုနှစ်ဝန်းကျင်မတိုင်ခင်ကာလမှာ ယခုလိုကာလမျိုးပဲ ကရင်ပြည်နယ်မှာ လူ့အခွင့်ရေးအခြေအနေက ဆိုးရွားတယ်။ အထူးသဖြင့် ဖြတ်လေးဖြတ် ကာလခေတ်တုန်းက သော်လည်းကောင်း၊ တိုက်ပွဲတွေ စိုးစိုးရွားရွားဖြစ်ဖွားနေတယ်ဆို တဲ့အတွက်ကြောင့် တိုင်းရင်းသားပြည်သူတွေက မတရားသတ်ဖြတ်ခံရတယ်၊ ဖမ်းဆီးခံရတယ်၊ အတင်းအဓမ္မခိုင်းစေခံရတယ်၊ စစ်ပြေးရှောင်ရတာတွေ၊ အမျိုးသမီးဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တယ်။

နိုင်ငံရေးအလှည့်အပြောင်းက ဦးသိန်းစိန်အစိုးရ ဖြစ်လာတဲ့အခါမှာ တိုင်းပြည်ရဲ့ ပြည်တွင်းရေးအခြေအနေက အနည်းအကျဉ်းရှိလာတယ်။ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အချို့နဲ့ ပစ်ခတ်ရပ်စဲရေး လုပ်ဆောင်လာတာရှိတယ်။ အဲ့အပေါ်မှာ တိုက်ပွဲတွေ လျော့နည်းလာတယ်။ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်မှုလည်း လျော့နည်းလာတယ်။ တရားလက်လွတ်သတ်ဖြတ်တာလည်း လျော့နည်းလာတယ်။ နောက်ပြီး NLD အုပ်ချုပ်တဲ့ကာလမှာလည်း တိုင်းပြည်ရဲ့အလှည့်အပြောင်းက ပိုပြီးဖြစ်လာတယ်။ ဆိုးရွားတဲ့ လူ့အခွင့်အရေးအခြေအနေက အတိုင်းအတာတစ်ခုထိ လျော့နည်း လာတာတွေ့ရတယ်။

ဒါပေမဲ့လည်း လူ့အခွင့်အရေးချိုးဖောက်မှုပုံစံက တစ်မျိုးပြောင်းလဲ သွားတယ်။ ဘာလို့လဲဆိုရင် NLD အုပ်ချုပ်တဲ့အတွင်းမှာဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုသော်လည်းကောင်း၊ တစ်ခြားစီးပွားဖြစ် ဖွံ့ဖြိုးရေးစီမံရေး သော်လည်းကောင်း အခွင့်အလမ်းပိုပြီး ဖွင့်လာတဲ့အတွက်ကြောင့် လမ်းတံတား ဆောက်လုပ်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ သဘာဝသယံဇာတတူးဖော်မှုတွေ ပိုပြီးလုပ်ဆောင်လာတဲ့အပေါ်မှာ မြေယာသိမ်းယူမှု အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ဖွားလာတာတွေ့ရတယ်။

နောက်တစ်ခါ ၂၀၂၁ခုနှစ်၊ အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာတော့ ဟိုအရင်ကာလက ပုံစံမျိုးတော့ ပြန်ရောက်သွားတယ်။ တိုက်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ အပြင်းအထန်ဆိုးရွားလာတယ်။ ပြည်သူတွေ ဆိုးဆိုးရွားရွားစစ်ဘေးရှောင်ရတယ်။ ဒီစစ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုက အရင်အချိန်ကတည်းကပဲ ဆိုးရွားစွာပြန်လည်ရောက်ရှိသွားတယ်။

အဓိကလက်ရှိ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေတဲ့၊ လူ့အခွင့်အရေးကို မြှင့်တင်ဖို့၊ ကာကွယ်ဖို့အတွက်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းမှန်သမျှ တစ်ဦးချင်းစီ သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အသိအမှတ်ပြု အားပေးအား မြှောက်ပေးရမယ်။ ဆက်လက် ပူးပေါင်းပါဝင်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ဝိုင်းဝန်းပြီးကူညီလုပ်ဆောင်ပေးရမယ်။ နောက်ပြီး လူအခွင့်အရေးချိုး ဖောက်ကျူး လွန်သူမှန်သမျှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင်၊ တရားမျှတမှုရရှိလာ အောင် ထိထိရောက်ရောက်အရေးယူကိုင်တွယ်ရမယ်။ ဒါမှသာ လူ့အခွင့်အရေးချိုးဖောက်မှုက လျော့နည်းလာပြီး ပြန်လည်တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။

နန်းလာစူး (ကရင်ပြည်နယ် ဒေသခံ လူငယ်အမျိုးသမီး)
လတ်တလောမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမျိုးမျိုးတွေ့ကြုံနေ ရတယ်။ စစ်အာဏာရှင် စနစ်ကို ကျင့်သုံးနေတဲ့ မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက် တွေက ပြည်သူပိုင်ပစ္စည်းဥစ္စာတွေခိုးယူဖျက်ဆီးတယ်။ ကျေးရွာတွေမှာ လက်နက် ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ ဘာထိထိသူတို့ကမသိဘူး။ လူ့အခွင့်အရေးတွေ အမျိုးမျိုးချိုးဖောက်နေတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ တော်တော်လေးဆိုးလာတယ်။ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တယ်။ လူငယ်လူရွယ်တွေကို မတရားအမှုလုပ်ပြီး ဖမ်းဆိးနှိပ်စက်တယ်။

လူ့အခွင့်အရေးချိုးဖောက်မှုပပျောက်အောင် လုပ်ဖို့က အာဏာရှင်စနစ်ကိုကျင့်သုံးနေတဲ့ လူမှန်သမျှကို ဖြုတ်ချရမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိရမယ်။ လူမျိုးကြီးဝါဒကို ပပျောက်အောင် လုပ်ဖို့လည်း လိုတယ်။ ပြည်သူလူထုတွေ၊ ကျေးရွာသူ ကျေးရွာသားတွေ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အသိပညာလည်း ပေးဖို့လိုပါတယ်။

စကိန်းဒိုက် (ကရင်လူငယ်တစ်ဦး)
အာဏာသိမ်းမှုအတိုင်ခင်မှာ လူ့အခွင့်အရေးချိုးဖောက်တာလည်းရှိတယ်။ ဥပမာ- ရခိုင်အရေးကိုကြည့် မလား၊ ရိုဟင်ဂျာအရေးကိုကြည့်မလား၊ ကရင်နီဒေသမှာ ဆို ဗိုလ်ချုပ်ကြေးရုပ်ကို ကြည့်မလား၊ ပြောရမယ်ဆိုရင် လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖောက်တာတော့ရှိတယ်။ ရခိုင်ပြည်နယ် စစ်ဖြစ်နေတဲ့ကာလအတွင်းမှာ ရခိုင်ပြည် သူတွေ ခံစားရတဲ့လူအခွင့်ရေးချိုးဖောက်မှုဟာ လူနည်းစုကပဲ ရခိုင်ပြည်သူတွေနဲ့ ရပ်တည်ပေးတယ်။ အစိုးရကိုယ်တိုင်လည်း ချိုးဖောက်ခဲ့တယ်။

အာဏာသိမ်းမှုမတိုင်ခင်က တစ်ချို့ဒေသမှာ ငြိမ်းချမ်းမှုရှိတယ်ဆိုတဲ့ အနေအ ထားကိုကြည့်ပြီးလူ့အခွင့်အရေးချိုးဖောက်တာကို မသိတာလို့ပဲမြင်တယ်။ အာဏာသိမ်းလိုက်တာနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုက ပိုမိုများလာတယ်။ ငြိမ်းချမ်း လွတ်လပ်စွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရာဘာကျည်ကနေ ကျည်အစစ်သုံးတဲ့အထိ အကြမ်းဖက်မှုလုပ်ပြီး ပြည်သူတွေကြောက်သွားအောင် လူအခွင့်အရေးတွေ ချိုးဖောက်နေတယ်။

နောက်ပြီး ပြည်တွင်း ပဋိပက္ခဖြစ်တဲ့အခါမှာ လေယာဉ်တွေမသုံးရဘူး၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ ပစ်မှတ်ထားပြီး မတိုက်ခိုက်ရဘူ။ ဒါပေမဲ့ အုပ်ချုပ်ရေးယန္တရားကို မတရားလုယူထားတဲ့ စစ်ကောင်စီ တွေက မျက်ကွယ်ပြုထားတယ်၊ လူ့အခွင့်အရေးချိုးဖောက်တာပဲ။

ဒီအချိန်မှာ လူ့အခွင့်အရေးချိုးဖောက်မှုပပျောက်အောင်လုပ်ဖို့က အရမ်းခက်ခဲတယ်လို့မြင်တယ်။ ဘာဖြစ်လဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှု အများစု ကျူးလွန်နေတဲ့သူတွေက စစ်တပ်ကဖြစ်တယ်။ စစ်ကောင်စီက နိုင်ငံတကာက ဝိုင်းပြီး ကြပ်မတ်ပေးတာတောင် အရေးမလုပ်ဘူ။ သူတို့လုပ်ချင်တာ လုပ်တယ်။ စစ်တပ်က နိုင်ငံရေးထဲမှာ မရှိမှပဲ လူ့အခွင့်အရေးချိုးဖောက်မှုက လျော့နည်းလာမယ်လို့မြင်တယ်။