Home သတင်း ပုလောမြို့ပေါ် စစ်ဆင်ရေးစတင်ပြီး နေရာသုံးခုကို PDF တပ်ဖွဲ့များ တစ်ချိန်တည်းတိုက်ခိုက်

ပုလောမြို့ပေါ် စစ်ဆင်ရေးစတင်ပြီး နေရာသုံးခုကို PDF တပ်ဖွဲ့များ တစ်ချိန်တည်းတိုက်ခိုက်

817
Photo: Crd.

ဒီဇင်ဘာလ ၉ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့တွင် မြို့ပြစစ်ဆင်ရေးကို စတင်ပြီးတပြိုက်နက် မြို့ပေါ် ရှိ စစ်ကောင်စီများရှိသော နေရာသုံးခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ စတင်တိုက်ခိုက်ခဲ့ကြောင်း (Palaw People Defense’s Fore)မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် ၇နာရီခွဲဝန်းကျင်တွင် ပုလောမြို့လယ်ခေါင်ရှိ ပုလောမြို့တော်ခန်းမ၊ ပုလောမြို့အထွက်ရှိ စစ်ကောင်စီတပ်စခန်းအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၈၅) တပ်ရင်းဂိတ်ဝနှင့် ပုလောကုန်းကျေးရွာစသည့် နေရာသုံးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ယခုလိုပြောသည်။

“၇ ရက်နေ့မှာဆို ညနေ ၄ နာရီဝန်းကျင်မှာ၊ စီးပွားရေးဘဏ်နဲ့ ကော်မရှင်ရုံးကို၊ ခြိမ်းခြောက်ပစ်ခတ်ခဲ့ပါတယ်။ ၈ ရက်နေ့ မနက် ၇နာရီခွဲဝန်းကျင်မှာ၊ မြို့နယ်ခန်းမကို ဝင်ပစ်တယ်။ မြို့အလယ်မှာ မြို့နယ်ခန်းမကို ပစ်နေတုန်း၊ (၂၈၅)တပ်ရင်း အနောက်ဂိတ်ကို မိုင်းခွဲတယ်။ အဓိက တပ်လှန့်သဘောပါ။ ကျနော်တို့ မြို့နယ်ထဲအချိန်မရွေးလာနိုင်တာ။ ပြီးတော့ထုတ်ပြန်ချက်ထုတ်ဖို့ရှိပါတယ်။ စစ်ပွဲအချိန်မရွေး ဖြစ်လာနိုင်တာမို့ ကြိုတင်ပြင်တင်ထားပါလို့”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း အသေးစိတ်ကို အတိအကျမသိရှိရသေးကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုတစ်စုံတရာမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ၎င်းအပြန်အလှန်ပစ်ခတ်မှုများကြောင့် မြို့နေပြည်သူများအနေဖြင့် မြို့တွင်းမြို့ပြင်သွားလာမှုများ နည်းပါးလာပြီး စျေးဆိုင်များနှင့် လူနေအိမ်များလည်း ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းအထိ ပိတ်ထားကြောင်းနှင့် ပစ်ခတ်ခံရသည့် နေရာများတွင်လည်း လုံခြုံရေး အင်အား တိုးမြှင့်ချထားကြောင်း မြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “ ဒီနေ့ မနက်အထိတော့ လူသွားလူလာ တော်တော်နည်းတယ်။ အိမ်တွေ အကုန်နီးပါးပဲ ပိတ်ထားတာ။ ဈေးဆိုင်တွေကောပဲ။ ကြောက်လည်းကြောက်တာကိုး။ တစ်ခုခုဆို ကိုယ်လည်းဘာမှမလုပ်တတ်ဘူးလေ။ အခြေအနေကိုပဲ စောင့်ကြည့်နေရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ခလရ (၂၈၅)တပ်ရင်းဂိတ်ဝ မိုင်းဖောက်ခွဲခံရသောကြောင့် စစ်ကောင်စီတပ်မှ လက္ကူးရွာဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျေးရွာရှိဒေသခံပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းများ ပြောကြားချက်အရ သိရသော်လည်း အသေးစိတ်ကိုမှု ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။