Home သတင်း လေကြောင်းရန်ကြောင့် ကော့ကရိတ်တောင်ပိုင်းတွင် ရွာပုန်းရွာရှောင်အဖြစ် နေထိုင်ကြရသူ ၅,ဝဝဝ ကျော်ရှိနေ

လေကြောင်းရန်ကြောင့် ကော့ကရိတ်တောင်ပိုင်းတွင် ရွာပုန်းရွာရှောင်အဖြစ် နေထိုင်ကြရသူ ၅,ဝဝဝ ကျော်ရှိနေ

802
Photo: CJ

ဒီဇင်ဘာလ ၁ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှုလုပ်ဆောင်ရန် နေ့/ည လေကြောင်းမှ ကင်းထောက်ပျံသန်းနေမှုကြောင့် ကော့ကရိတ်မြို့ တောင်ပိုင်းဒေသရှိ ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ကျော်ခန့်မှာ ရွာပုန်းရွာရှောင်အဖြစ် ရွှေ့ပြောင်းနေထိုင် စစ်ဘေးရှောင်နေကြရကြောင်း ဒေသအတွင်း စစ်ဘေးရှောင်များအရေး တစ်ပိုင်တစ်နိုင်ကူညီသူများက ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ယခုတလော စစ်ကောင်စီလေကြောင်းမှ နေ့၊ ညမပြတ် ကင်းထောက်ပျံသန်းများ လုပ်ဆောင်လာနေသောကြောင့် မိမိနေအိမ်တွင် မနေရဲတော့ဘဲ ယခုလို ရွှေ့ပြောင်းနေထိုင်ကြရခြင်းဖြစ်သည်ဟု စစ်ရှောင်များအား တစ်ပိုင်တစ်နိုင် စားသောက်စရာ အကူအညီ ဖြန့်ဝေ ပေးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “တချို့မပြေးကြတဲ့သူတွေဆိုလည်း ရွာမှာနေ့ဘက်တောင်ယာလုပ် ညဘက်ဘုန်းကြီးကျောင်းသွားအိပ်၊ အများကတော့ အခုက ရွာစဉ်လှည့်ပြီး ရွာပုန်းရွာရှောင်ပုံစံမျိုးရွှေ့ပြောင်းနေထိုင်ရင်း ရှောင်နေကြရတာများတယ်၊ လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ၀င်းကဘက်တွေရယ်၊ သုံးဆယ့်သုံးဆူ၊ အံကောင်၊ သရိသခေါင်း ရွာဘက်တွေလည်းရှောင်နေရတယ်”ဟု ပြောသည်။

နို၀င်ဘာလအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့်မြေပြင်စစ်ကြောင်းများ KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေမှုကြောင့် နယ်မြေခံ KNLA ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းမှ ကင်းထောက်ပျံသန်းမှု၊ ညဘက် ဗုံးကြဲတိုက်ခိုက်မှုများ စစ်ကောင်စီဘက်မှ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

“အခုက နေ့ဘက်ဆို စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်မှာကြောက်ရ၊ ညဘက်ဆိုဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ရော်ဘာခြံ၊ ဒူးရင်းခြံတွေထဲစုပြီး အိပ်ကြရတယ်၊ ရိက္ခာစားစရာကလည်း၊ တံတားတွေပိတ်စစ်၊ လမ်းတွေပိတ်စစ်ဆိုတော့ ပြတ်လပ်နေပြီ”ဟု စစ်ဘေးရှောင် ဒေသခံတစ်ဦးကလည်း ပြောသည်။

ကော့ကရိတ် မြို့ တောင်ပိုင်း ဒေသအတွင်းနှင့် မြ၀တီမြို့တောင်ဘက် ဝေါလေ-ကနဲလေးဒေသ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသများဘက်တွင် KNLA ပူးပေါင်းတပ်များ၊ KTLA ကော်သူးလေ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

လက်ရှိတွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသတစ်လျှောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး လမ်းများတံတားများတွင် စစ်ကောင်စီနှင့် ဒေသနယ်ခြားစောင့်တပ်-BGF တပ်များမှ စားသောက်စရာ၊ ဆေးဝါး၊ အသုံးအဆောင်များ သယ်ဆောင်ရောင်း၀ယ်ခြင်းအား ကန့်သတ်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေသည့်အတွက် စစ်ဘေးရှောင်ဒေသခံများ စားသောက်စရာရရှိမှုခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။