Home ဆောင်းပါး လက်နက်ကိုင်အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း

လက်နက်ကိုင်အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း

1250

လက်နက်ကိုင်အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း

(ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်)

“နိုင်ငံရေးအကြောင်းလည်း ဘာမှမသိဘူး။ သူများက ပေးဆိုပေးလိုက်ရတယ်။ ဘာဖိုးပဲလာကောက်ကောက် ထည့်ရမယ်ဆိုရင် ဘယ်သူမှ ပြန်မေးမရဲကြဘူး။ ငါးသောင်းထည့်ရမယ်ဆိုလည်း ထည့်တာပဲ။ တစ်သောင်း ထည့်ရမယ်ဆိုလည်း ထည့်တာပဲ။ သူတို့က လက်နက်ကိုင်ထားတယ်လေ။ တစ်ချို့ဆိုဆဲဆိုမိုက် ရိုင်းတာတွေရှိတာပေါ့။”

ဒါကတော့ စစ်သားစုဆောင်းတာကိုရှောင်ဖို့ ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေတဲ့သား (၂)ယောက်ရဲ့မိခင် တစ်ဦးရဲ့ ပြောစကားဖြစ်ပါတယ်။

သူမက စစ်တပ်နဲ့ သူ့ရဲ့မဟာမိတ်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းအဖွဲ့ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့ နယ်မှာနေတာပါ။ အဲ့ဒေသမှာနေထိုင်တဲ့ တခြားသူတွေလိုပဲ ဆက်ကြေးဆိုပြီး လက်နက်ကိုင်အဖွဲ့ပေါင်း စုံကတောင်းတာကို သူမပေးလာရတာ အခုဆိုနှစ်အတော်ကြာနေခဲ့ပါပြီ။

သူမက “ပြီးခဲ့တဲ့အရင်နှစ်တွေကတော့ ၅ ထောင်၊ ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်းအစားစားထည့်ရတယ်။ ဒီ ၂၀၁၈ တစ်နှစ်မှာတော့ ဆိုးဆိုးဝါးဝါးဖြစ်သွားတယ်။ ၁ သိန်းကျော်ကြီးထည့်လိုက်တဲ့အခါကျတော့လေ။ ကိုယ်တွေမှာတော့မရှိတော့ သူများတွေဆီမှာလိုက်ချေးရတာပေါ့။ ကိုယ်အိမ်တွေမှာ သားလူပျိုတွေရှိတော့ သူများအိမ်ထက်ပိုပေးရတာပေါ့။ သားလူပျိုတွေမရှိတဲ့အိမ်တွေတော့ ကိုယ်တွေလောက် မပေးရဘူးပေါ့”လို့ ပြောပါတယ်။

ကရင်အမျိုးသားတွေဟာဟာ ၁၉၄၉ ခုနှစ်ကတည်းက သီးခြားလွတ်လပ်တဲ့ပြည်နယ် တစ်ခုရဖို့အတွက် တိုက်လာခဲ့ကြပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး-KNU အပါအဝင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) နဲ့ နယ်ခြားစောင့်တပ်-BGFအဖွဲ့တွေဟာ အဲ့ဒီနယ်မြေအတွင်းမှာ အခြေစိုက်ကြပါတယ်။

သူတို့ရဲ့ တပ်သားအင်အားကိုလည်း နှစ်စဉ်နှစ်တိုင်း ဖြည့်စွက်ဖို့ လိုပြီး ကွင်းဆင်းစည်းရုံးတာရှိသလို၊ မဖြစ်မနေအကြပ်ကိုင်စုဆောင်းတာလည်းရှိပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာတော့ ဖိအားပေးစစ်သားစုဆောင်းရေးတာတွေပိုများလာတယ်လို့ ရွာသားတွေကပြောကြပါတယ်။ ဒါက သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။

နိုင်ငံ့မြေ ဧရိယာရဲ့ ၅ ရာခိုင်နှုန်းတောင်မရှိတဲ့ ကရင်ပြည်နယ်ထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားတာဟာ တခြားဒေသတွေထက်ပိုများတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု -ISP Myanmar က ဆိုပါတယ်။

ဒါကြောင့်ပဲ လက်နက်ကိုင်အဖွဲ့တွေမှာ အကျအဆုံးတွေရှိလာပြီး တပ်သားသစ်စုဖို့က လိုနေတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အခုလိုတပ်သားသစ်စုဆောင်းတဲ့ကိစ္စနဲ့ ငွေကြေးပေးရတဲ့ကိစ္စကို BGF က ငြင်းဆိုထားပြီး ကရင်ပြည်နယ် BGF ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက အခုလိုရှင်းပြပါတယ်။

“ကျေးရွာတွေအတွင်းမှာ စစ်သားစုဆောင်းတာ၊ ငွေကြေးကောက်ခံတာတွေတော့ မရှိပါဘူး။ သူများ တွေ လျှောက်ပြောတာပါ။ အခုလက်ရှိမှာတော့ ဘယ်သူကိုမှ ယုံလိုမရဘူး၊ ကိုယ့်ရွာကိုယ်ကာကွယ်ဖို့အတွက် ပြီးခဲ့ တဲ့နှစ်က အခြေခံစစ်သင်တန်း ၂ လပို့ချပေးတယ်။ လူ ၃၀၀ ကျောက် တက်ရောက်တယ်။ အခုတော့ သူတို့ရွာကို သူတို့ကာကွယ်ကြတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ကျေးရွာပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျေးရွာကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ဖွဲ့စည်းထားတာပါ။ သူတို့ကိုလက်နက် တပ်ဆင်ပေးထားတာရှိတယ်။ တစ်ချို့နေရာတွေမှာတော့ အသုံးပြုတာမရှိပါဘူး။ ရပ်ရွာလုံခြုံရေးအတွက် ပေါ့။” လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

ကရင်ပြည်တွင်း နေရပ်စွန့်ခွာရသူများကော်မတီ (CIDKP) ကတော့ လက်တွေ့မှာ ရွာသားတွေဟာ ရှေ့တန်းကို အတင်းဖိအားပေးစေလွှတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

CIDKP အဖွဲ့ဝင်တစ်ယောက်က “သူတို့က ပထမစစ်သားလာစုတယ်လို့ မပြောဘူး၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လို့ ပြောတယ်။ သူများတွေမလုပ်မှာစိုးလို့။ အိမ်မှာနေတောင်ယာအလုပ်တွေကို လုပ်ကိုင်စား သောက် လို့ရတယ် အဲ့လိုမျိုးပေါ့။ နောက်ပိုင်းမှာတော့စစ်ကြောင်းနောက်လိုက်ဖို့ ခေါ်လာတယ်။ လိုက်သွားရတယ်။ တစ်ချို့တွေကျတော့ ရှေ့တန်းသွားရတာရှိတယ်။ နောက်တော့ရွာသားတွေမလိုက်ချင်တော့ဘူး။ တစ်ချို့ ကျတော့ ထွက်ခွင့်တောင်းတယ်။ တစ်ချို့ကျတော့ မထွက်အောင် သူတို့ အမျိုးမျိုးချော့ပြောတယ်။ ” လို့ ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့အားလုံးက တပ်သားသစ်စုနေတာမို့ လူငယ်အမျိုးသားတွေဟာ နယ်စပ်ဘက်ကို ထွက်ပြေး လာရတယ်လို့ ပြောဆိုကြပါတယ်။ အဲဒီအချက်အလက်အတိအကျရရှိဖို့ လက်လှမ်းမမီနိုင်ပေမယ့် ဒေသတွင်း ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေအရဆိုရင်တော့ ကရင်ပြည်နယ်က တချို့ရွာတွေမှာဆိုရင် အသက်(၁၈)နှစ်အောက် လူပျိုလူလွတ်တစ်ယောက်မှမရှိတော့ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နိုင်တဲ့ အိမ်ထောင်ရှိအမျိုးသားတွေသာ ကျန်တော့တယ်လို့ ဖော်ပြထားပါတယ်။

KNU တပ်သားသစ်စုဆောင်းရေးထဲပါခဲ့ပြီး စီမံဌာနမှာ လအနည်းငယ်လုပ်ခဲ့ကာ မကြာသေးခင်ကမှ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့တဲ့သထုံခရိုင်က လူငယ်တစ်ယောက်ရဲ့ စကားသံကိုလည်း ကြားခဲ့ရပါတယ်။

“ကျနော်က အဲ့မှာ မလုပ်ချင်တော့လို့ ထွက်ပြေးလာတာ ၂ လ၊ ၃လပဲရှိသေးတယ်။ ကျနော်ထွက်လာတော့ အိမ်ကို လာမေးတာမျိုးရှိတယ်။ အဖေကိုလာပြီးခေါ်တယ်။ ဒါပေမဲ့အဖေက အသက်ကြီးနေတယ်၊ တစ်ဖက် ကလည်းတောင်ယာအလုပ် ဘယ်သူမှလုပ်တာမရှိတော့ အဖေကိုအိမ်အလုပ်ပြန်လုပ်ခိုင်းလိုက်တယ်။ ကျနော့် ညီတွေက အသက်မပြည့်သေးတော့ခေါ်လို့ မရဘူးလေ။ လိုအပ်ရင်လာခေါ်မယ်လို့တော့ ပြောတာရှိတယ်။”လို့ပြောပါတယ်။

KNU တပ်မဟာ-၁ တပ်မဟာမှူးကတော့ ရွာသားတွေကို တပ်သားစုဆောင်းတာမှန်ပေမယ့် သူတို့ကို စစ်မတိုက်ခိုင်းဘူးလို့ ပြောဆိုပါတယ်။ နောက်ပြီးတော့ ငွေကြေးတောင်းခံတဲ့ ကိစ္စကိုလည်း ငြင်းဆိုထားပါတယ်။

KNU တပ်မဟာ ၁ တပ်မဟာမှူးက “ကျနော်တို့က မိသားစုတစ်စုကို လူတစ်ဦးထည့်ရမယ်ဆိုတဲ့ ပုံစံကောက်ယူတာမျိုးရှိတယ်။ တစ်ချို့သောမိသားစုတွေက တစ်ယောက်မှမသွားချင် တာမျိုးရှိတယ်။ အဲ့တော့သူတို့လူအစားထိုးခေါ်ရမယ်။ ငှားတဲ့ပုံစံမျိုးပေါ့”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ လူငယ်တစ်ယောက်တော့ ငွေတောင်းခံတာနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ရွာမှာက စစ်မှုမထမ်းချင်ဘူး။ လူအစားထိုးမယ်ဆိုရင် (သိန်း၁၅၀)ကနေ့ (၁၈၀)အထိပေးရတယ်။ အစားထိုးသွားမယ့်သူကို ပေးရတဲ့ပုံစံပေါ့။ အဲ့ဒါဆိုရင် ကိုယ့်မိသားစုက သွားစရာမလိုတော့ဘူးအပြီးပဲ။ နောက်လာမကောက်တော့ဘူး အဲ့လိုမျိုးပေါ့။ ဒါက ပြီးခဲ့တဲ့နှစ်ပေးဆောင်ရတဲ့ဟာပေါ့။ ဒီနှစ်တော့ ကျနော်မသိတော့ဘူး။ ” လို့ အဲဒီ လူငယ်က ပြောပါတယ်။

KNU တပ်မဟာ ၁ တပ်မဟာမှူးတစ်ဦးကတော့ လက်ရှိ ရင်ဆိုင်ကြုံတွေ့ရတဲ့ တိုက်ပွဲအတွက် အခုထက်ပိုပြီး ပြည်သူတွေထဲကပါသင့်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

သူက “ကျနော်တို့ ကောက်တယ်ဆိုပေမဲ့လည်း ပြည်သူတွေကို ပြောပြချင်တာက အခုလက်ရှိနိုင်ငံရေး အခြေ အနေမှာ မြို့တွင်းက လူငယ်တွေတောင် ဒီမိုကရေစီအရေးအတွက် လာပြီးပေးဆပ်တာရှိတယ်။ ကျနော်တို့ တောမှာနေတဲ့လူတွေလည်း လုပ်ရမယ်။”လို့ ပြောပါတယ်။

ကရင်ပြည်နယ်ရဲ့နယ်မြေအပိုင်းလိုက် အစုလိုက်ကွဲပြားပြီး နယ်မြေစိုးမိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ တွေကြားမှာ တပ်သားသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး နိုင်ငံတကာစည်းမျဉ်းများ ဘယ်လိုမျိုး ကျင့်သုံးနေတာနဲ့ပတ်သက်လို့ကတော့ သိရှိဖို့က ခက်ခဲသလို ဘယ်နိုင်ငံတကာစည်းမျဉ်းစည်းကမ်း တွေနဲ့ ကန့်သတ်မလဲဆိုတာက ခက်ခဲပါတယ်။

လေးကြိမ်မြောက် ဂျီနီဗာကွန်းဗန်းရှင်းရဲ့အပိုဒ်(၃)မှာတော့ အရပ်သားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာကို စော်ကားခြင်းမလုပ်ဖို့ တားမြစ်ထားပါတယ်။ နောက်ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ အတွင်း ခိုင်း စေတာအပါအဝင် အရပ်သားတွေကို အာဏာအသုံးပြုပြီး လျော်ကြေးမပေးဘဲ သို့မဟုတ် အတင်း အဓမ္မခိုင်းစေတာမျိုး မလုပ်ရဘူးလို့ ညီလာခံက တားမြစ်ထားပါတယ်။

ကရင့်လူ့အခွင့်အရေးအဖွဲ့ -KHRG က စောနန္ဒဆူးကတော့ ဥပဒေတွေကို လိုက်နာမယ်ဆိုရင် တပ်သား သစ်စုဆောင်းရာမှာ မလိုအပ်ဘဲ လူ့အခွင့်ရေးချိုးဖောက်တာတွေရှိလာမှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။

သူက “ဒီစစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီးတော့ နဂိုကတည်းက စည်းမျဉ်းစည်းကမ်းရှိ ထားပြီးသားပါ။ အသက်သတ်မှတ်ချက်ရှိမယ်။ မဖြစ်မနေလုပ်ရမယ်ပုံစံလုပ်လို့ မရဘူး။ တစ်ချို့ဆိုရင် မဲနှိုက်ရတယ်၊ မဲမပါရင်သွားစရာ မလိုဘူး။ စည်းနဲ့ဘောင်နဲ့စနစ်တကျလုပ်ဆောင်သွားမယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်ရာမရောက်ဘူး။ တစ်ဖက်က သဘောမတူဘူး။ အတင်းအဓမ္မခိုင်းစေမှုတွေ၊ မဖြစ်မနေ လုပ်ရမယ်ပုံစံမျိုးတွေ၊ ခြိမ်းခြောက်မှုလုပ်တာတွေ မလုပ်ပဲနဲ့တရားမျှတစွာနဲ့ ရွေးချယ်ခွင့်ပေးခဲ့မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်ရာ မရောက်ပါဘူး။”လို့ ပြောပါတယ်။

ဒါပေမယ့် စည်းနဲ့ဘောင်နဲ့ အတင်းအဓမ္မစေခိုင်းမှု ဒါမှမဟုတ် ဖိအားပေးမှုဆိုတာ ဘယ်လိုမျိုးလဲ။

တိုက်ပွဲကို မိမိဆန္ဒအလျောက်ပါဝင်တဲ့သူများစွာရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်း များစွာ တပ်သားသစ်စုဆောင်းတာကိုကြုံလာခဲ့ရတဲ့ ကရင်ပြည်နယ်မှာတော့ လက်နက်ကိုင်အဖွဲ့တွေ ထဲဝင်တာကိုတိမ်းရှောင်ဖို့ ထွက်ပြေးသူတွေလည်းရှိနေဉီးမှာပါပဲ။