Home သတင်း ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပိုင်း ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့လုပ်ဆောင်နေ

ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပိုင်း ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့လုပ်ဆောင်နေ

942

ဒီဇင်ဘာလ ၁ဝ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ ကျေးရွာများဘက် လက်နက်ကြီးပစ်ထုတ်ကာ စစ်အင်အားတိုးချဲ့မှုများ နေ့စဉ်လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်တောင်ပိုင်း ဒေသကျေးရွာများအတွင်း ဆက်သွယ်သွားထားသည့် ကျေးရွာချင်းဆက်လမ်းပိုင်းများဖြစ်သော ကော့ကရိတ်-ကျိုက်ဒုံလမ်းမနှင့် ကော့ကရိတ်-တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းမကြီးများအား စစ်ကောင်စီဘက်မှ စိုးမိုးထိန်းချုပ်နိုင်ရန် ယခုဒီဇင်ဘာလအတွင်း စစ်အင်အား တိုးချဲ့မှုများနေ့စဉ် လုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။

“အခု ကော့ကရိတ် ရွာသစ်၊ မောင်းမ၊ အံဖရွာဘက်တွေဆိုရင် ကော့ကရိတ် -ကျိုက်ဒုံ လမ်းပိုင်းပေါ့၊ ရွာလမ်းကြီးတစ်လျှောက် စစ်တပ်တွေ အရပ်၀တ်တွေနဲ့ရော၊ ယူနီဖောင်းနဲ့ရော BGF ကားတွေနဲ့၀င်လာနေတာ။ ညဆို လက်နက်ကြီးတွေ ရွာတွေဘက်ပစ်ထုတ်တယ်၊ တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး -မုဒုံလမ်းဘက်ကရွာတွေလည်း လမ်းမလမ်းထိပ်တွေက BGF စခန်းတွေမှာ စစ်တပ်ကပါ အင်အားတိုးပို့တာတွေ၊ ကား ၁၀ စီးလောက်နဲ့ပတ်လှည့်နေတာတွေ ပိုလုပ်လာတယ်၊”ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နို၀င်ဘာလ နောက်ဆုံးပတ်က မြ၀တီ-ဝေါလေလမ်းပိုင်းနှင့် သေ့ဘောဘိုးစစ်စခန်းအား စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များဘက်မှ ခွာစစ်ဆင်နေရာရွှေ့ပြောင်းလှုပ်ရှားတိုက်ခိုက်လာနိုင်

သည့်အပေါ် စစ်ကောင်စီဘက်က ကော့ကရိတ် -ကျိုက်ဒုံလမ်းပိုင်းနှင့် ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်းအား ပိတ်ဆို့စစ်ဆင်နိုင်ရန် ယခုလို စစ်အင်အားတိုးချဲ့ မှုများလုပ်ဆောင်လာခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

Photo: CJ

ထိုသို့ စစ်ကောင်စီတပ်များ စစ်အင်အား တိုးချဲ့မှုများ လုပ်ဆောင်သည့်အတွက် ဒေသခံကျေးရွာသားများ ရွာပုန်းရွာရှောင်အဖြစ် နေရာအတည်တကျ နေထိုင်နိုင်ခြင်း မရှိဘဲ ရွှေပြောင်းသွားလာစစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

ဖားကျသားတစ်ဦးက “ဒီဘက်ကော့ကရိတ်အဖွဲ့တွေကတော့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ်၊ ကရင်အဖွဲ့တွေဘက်ကလည်း ဒရုန်းနဲ့ ဗုံးကြဲတယ်။ ကရင်အဖွဲ့တွေလုပ်လို့ စစ်တပ်က ထိခိုက်တာတွေရှိတော့ ကျေးရွာတွေဘက် လက်နက်ကြီး ပစ်ပစ်ထည့်တယ်၊ အခုက ရွာကနေရှောင်ပြီး နေနေရတယ်၊ သူတို့က နေ့ပစ်ထည့်မလား၊ ညပစ်ထည့်မလား မသိဘူးလေ၊ စစ်တပ်က တွေ့သွားရင်လည်း လမ်းပြခေါ်တာ၊ ဓါးစာခံ ဖမ်းခေါ်ထားမျိုးလုပ်မှာလည်း ကြောက်နေရတယ်”ဟု ပြောသည်။

အဆိုပါ ကော့ကရိတ်တောင်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာနေသည့် ဒေသကျေးရွာပေါင်း ၃၀ ကျော်အတွင်းတွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များစစ်အင်အား တိုးချဲ့သွားလာ အင်အားတိုးလာမှုကြောင့် စစ်ဘေးရှောင်နေရသူဒေသခံ ၅,၀၀၀ ကျော်အထိရှိနေပြီဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

လက်ရှိတွင် စစ်ရေးနယ်မြေအတွင်း လူမှုစီးပွားဘ၀များ ပိုမိုကြပ်တည်းလာနေကြောင်း၊ စားသောက်စရာ နေရာထိုင်ခင်းနှင့် သက်ကြီးဘိုးဘွား၊ ကလေးသူငယ်၊ ကိုယ်၀န်ဆောင်သည်နှင့် မီးဖွားပြီးစမိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်ချက်ရှိနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။