Home သတင်း မြဝတီမြို့နယ်တွင် မီးသွေးစျေးများ မြှင့်တက်နေ

မြဝတီမြို့နယ်တွင် မီးသွေးစျေးများ မြှင့်တက်နေ

868

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်လာ၍ ထမင်း ဟင်းချက်ပြုတ်ရန် မီးသွေးကိုသာ အဓိကထား ချက်ပြုတ်နေရသည့်အတွက် လက်ရှိတွင် မီးသွေး စျေးများ မြှင့်တက်လာသည်ဟု သိရသည်။

မြဝတီမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်မှစ၍ ယနေ့ဒီဇင်ဘာလ ၂၄ရက်နေ့အထိ လျှပ်စစ်မီးပြတ် တောက်နေဆဲဖြစ်ပြီး လျှပ်စစ်မီးအစား ဂတ်စ်မီး/ မီးသွေးမီးများကို အသုံးပြုလာရ၍ ယခုလို မီးသွေးစျေး မြှင့်တက်လာရခြင်းဖြစ်သည်ဟု မြဝတီမြို့ခံများက ပြောသည်။

လျှပ်စစ်မီးမပြတ်တောက်ခင် မြဝတီမြို့နယ်တွင် မီးသွေးတစ်အိတ်လျှင် ၄,၅၀၀ ကျပ်သာ စျေးရှိရာမှ ယခုအချိန်တွင် တအိတ်လျှင် ၆,၅၀၀ မှ ၇,၀၀၀ ကျပ်အထိ စျေးမြှင့်တက်လာသည့်အပေါ် ချက်ပြုတ်ရေးအတွက် အခက်အခဲရှိလာသည်ဟု မုန့်ဟင်းခါးချက်ရောင်းသူတစ်ဉီးက ပြောသည်။

၎င်းက “ဆီစျေး၊ ကြက်သွန်စျေးတွေကလည်းတက် စျေးရောင်းရတာ ကုန်စျေးနှုန်းကလည်းတက် ၊ မီးသွေးစျေးကလည်းတက်တော့ အခုအချိန်က ရောင်းအားပါးနေတော့ ဘာတွေလုပ်ကိုင်စားရမှန်းကို မသိဘူး။ မီးပျက်သွားတဲ့နောက်ပိုင်းတချို့ဆိုင်တွေဆို မဖွင့်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့ပေါ်ကို မီးသွေး ပုံမှန်ပို့ဆောင်ရောင်းနေသူများသည်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးလောင်စာဆီများ အဆမတန်စျေးတက်ခြင်းနှင့် ပစ်ခတ်မှုများဖြစ်ပွား၍ လမ်းခရီးလုံခြုံမှုမ ရှိခြင်းတို့ကြောင့် ယခင်ကဲ့သို့ မီးသွေးအလုံအလောက်မပို့နိုင်တော့ကြောင်း မီးသွေးရောင်းသူ ကိုခင်ဦးက ယခုလို ပြောသည်။

“မီးသွေးလုပ်တဲ့သူတွေက မြို့ပေါ်ကမီးသွေးဆိုင်တွေကို အရင်လိုများများ မပို့နိုင်တော့ဘူး။ တချို့ ဆိုင်တွေဆို မီးသွေးပြတ်သွားတယ်။ ကိုယ်သုံးဖို့အတွက်ပဲ ကျန်နေပြီးရောင်းဖို့ကုန်နေတယ်”ဟု ပြောသည်။

မြ၀တီမြို့အပါအ၀င် မြို့နယ်လေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအား လျှပ်စစ်မီးဖြန့်ဖြူးပေးနေ သည့် (၂၃၀KV/၆၆KV)သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံ တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးခဲ့ခြင်းဖြစ် ပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးပေ။