Home သတင်း ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သံဃာတစ်ပါး အပါအဝင် ၅ ဦး ထိခိုက်သေဆုံး

ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သံဃာတစ်ပါး အပါအဝင် ၅ ဦး ထိခိုက်သေဆုံး

1398

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။

ကော့ကရိတ်မြို့ အနီးရှိ ရွှေကြက်မင်းဘုန်း ကြီးကျောင်းပေါ်ကို ယနေ့နေ့လည် ၁၁ခွဲဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် သံဃာတော်တစ်ပါးပျံ‌တော်မူကာ ကိုရင်၊ ဦးဇင်းနှင့် ကျောင်းသားအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျောင်းရှိ သံဃာတော်နှင့် ကျောင်းဒကာ၊ ဒကာမများက ပြောသည်။

ရွှေကြက်မင်းကျောင်းမှ သံဃာတော်တစ်ပါးက “ဆွမ်းစားကျောင်း၊ နေ့လည်ဆွမ်းစားပြီးခုံသိမ်းချိန်မှာ အလုံးကြီး ၂ လုံးကျရောက် ပေါက်ကွဲတယ်။ ဦီးဇင်းက တစ်ပါးပျံတော်မူပြီး ၂ ပါးဒဏ်ရာရတယ်။ ကိုရင်တစ်‌ပါးက ပေါင်မှာ ထိတယ်။ ကျောင်းသားကကျောအနောက်ဘက်မှာ ထိတယ်။ ပျံလွန် တော်မူတဲ့ဦးဇင်းတစ်ပါးအပါအဝင် အားလုံး ၅ ဦး ထိခိုက်သေဆုံးတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် သံဃာတော်နှင့် ကျောင်းသားတို့ကို ကော့ကရိတ်ဆေးရုံတွင် ဆေးကု သမှု ခံယူပြီး ဒဏ်ရာပြင်းထန်သည့် ကျောင်းသားတစ်ဦးနှင့် သံဃာတော်တစ်ပါးကိုမူ ဖားအံဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကျောင်းဒကာ၊ ဒကာမများက ပြောသည်။

“ကော့ကရိတ်ဆေးရုံမှာ ဦးဇင်းနှစ်ပါးက ဆေးကုသမှုယူပြီး ထန်းပင်ကုန်းက ဒကာအိမ်မှာပြန် လာနေတယ်။ ဆေးက နေ့တိုင်းသွားထည့်ရမယ်။ ပေါင်မှာထိတဲ့ကိုရင်က ဒဏ်ရာနည်းနည်းကြီးလို့ ဖားအံပို့ လိုက်တယ်။ ဆယ်နှစ်ကျော်ကျောင်းသားတစ်ဦးက အနောက်ကျောဘက်မှာ ထိတော့ စိုးရိမ်ရတယ်။ အောက်ဆီဂျင် တပ်ရတယ်၊ သူလည်း ဖားအံပို့လိုက်တယ်။ ခုတော့ကျောင်းမှာ ဦးဇင်းလည်းမရှိတော့ဘူ”ဟု ကျောင်းဒကာတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နှင့် အနီးတဝိုက်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ ယနေ့ ၂၆ ရက်အထိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြားဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရဟန်းသံဃာတော်အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကာ အိမ်မွေးတိရစ္ဆာန်နှင့် လူနေအိမ်အဆောက်အအုံ အများအပြား ထိခိုက်သေဆုံး၊ ပျက်စီးလျက်ရှိကြောင်း သိရသည်။