Home သတင်း မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် ထားဝယ်မြို့အဝင်တွင် အစစ်အဆေးများ တင်းကြပ် စွာလုပ်ဆောင်

မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် ထားဝယ်မြို့အဝင်တွင် အစစ်အဆေးများ တင်းကြပ် စွာလုပ်ဆောင်

1091
Photo: CJ

ဒီဇင်ဘာလ ၇ ရက်၊၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတားတွင် ဒီဇင်ဘာလ ၄ ရက်နေ့ ညက မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက လုံခြုံရေးကို တင်းကြပ် စွာ ချထားပြီး တံတားအပေါ် ဖြတ်သန်းသွားလာသောသူများကိုလည်း တင်းကြပ်စွာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြို့ခံများက ပြောသည်၊၊

ထားဝယ်မြို့အဝင် ကမြောကင်းတံတားရှိမိုင်းသတိပေး ဆိုင်းဘုတ်အောက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ရက်နေ့ ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့သလို မောင်းမကန်ရဲစခန်းလည်း တိုက်ခိုက်ခံရပြီးနောက် ၎င်းတံတားအနီးတဝိုက်ကို စစ်ကောင်စီတပ်က လုံခြုံရေး အင်အားတိုးမြှင့်စွာချထားပြီး ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ထိ ခရီးသွားပြည်သူများ စီးနင်းလာသော ဆိုင်ကယ်(Tool Box)များပါမကျန် ခေါ်ယူစစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။

မြို့ခံတစ်ဦးက “ဟိုတနေ့ကမောင်းမကန် ကိစ္စဖြစ်သွားတဲ့အတွက်ကြောင့်မို့ အခုလို စစ်နေတာဖြစ်မယ်။ ပြီးတော့ဗုံးလည်းပေါက်သေးတယ်လေ။ ကမြောကင်းတံတားမှာက မစစ်တာကကြာပြီး။ သူတို့စစ်တာကလေ ဒီဆိုင်ကယ်အောက်က ပုံးတွေအထိပါစစ်တာ တော်တော်ဆိုးဆိုးဘဲ။ အရင်ကဆို ယာဉ်မောင်းလိုင်စင်လောက်ပဲစစ်တာ။ သူတို့ ပိုက်ဆံ လိုချင်ရင်တော့ နည်းနည်းရစ်မယ်အဲ့ လောက်ပဲ။ အခုကတော်တော်တင်းကြပ်ထား တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်၊၊

ယခုလိုစစ်ဆေးမှုများတွင် လူငယ်များကို အဓိကထား စစ်ဆေးနေပြီး ဓာတ်ပုံ တစ်ပုံနှင့်လည်းတိုက်ကာ စစ်ဆေးမှုများပြုလုပ်ပြီး မသင်္ကာသူများကို ဂိတ်ထဲသို့ခေါ် ယူကာမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

ထို့အပြင် ယခုလို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသောကြောင့် ကမြောကင်းတံတားအနီးတွင် ကား၊ ဆိုင်ကယ်များ ပိတ်နေပြီး လမ်းခရီးကြန့်ကြာမှု များနှင့် ကြုံတွေ့နေရကြောင်းလည်း ခရီးသွား ပြည်သူတစ်ဦးက ပြောသည်၊၊

၎င်းက “သူတို့အဓိကထား စစ်တာ လူငယ်တွေကိုပေါ့။ PDF လား ဘာလား၊ နောက်ပြီး တော့ ဓာတ်ပုံတစ်ပုံနဲ့ တိုက်စစ်တယ်။ ဘာပုံလည်းတော့ မသိဘူး၊ အဲ့လိုသူတို့ စစ်ဆေး ရေးတွေရှိပြီးဆိုရင် တံတားပေါ်မှာ ဆိုင်ကယ်မောင်းမရဘူး ဆင်းတွန်းရတယ်။ သူတို့ကြည့်လိုက်လို့ သိပ်မသင်္ကာဘူးဆိုရင် ဂိတ်ထဲကိုခေါ်ပြီးစစ်တယ်။ လမ်းတွေဆိုပိတ်တာ နည်းတာမဟုတ်ဘူး။” ဟု ပြောသည်၊၊

ကမြောကင်းတံတား မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မောင်းမကန်ရဲ စခန်းပစ်ခတ်ခံရမှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။