Home သတင်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ဝင်ငွေများကို ပိတ်ဆို့အရေးယူပေးရန် ကန်သမ္မတဘိုင်ဒန် အစိုးရကို အရပ်ဖက်အဖွဲ့၃၀၀ကျော် ထပ်မံတောင်းဆို

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ဝင်ငွေများကို ပိတ်ဆို့အရေးယူပေးရန် ကန်သမ္မတဘိုင်ဒန် အစိုးရကို အရပ်ဖက်အဖွဲ့၃၀၀ကျော် ထပ်မံတောင်းဆို

895
Photo: Internet

ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီအတွက် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ကျူးလွန်စေသည့် မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့(MOGE)မှ ဝင်ငွေများနှင့် ၎င်းတို့ကို ဘဏ်ငွေများလွဲပြောင်းမှုများအား ရပ်တန့်စေရန် ပိတ်ဆို့အရေးယူပေးရန် အရပ်ဖက်အဖွဲ့ပေါင်း ၃၆၆ ဖွဲ့မှ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ထံသို့ ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲဖြင့် ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။

အရပ်အဖွဲ့ပေါင်း ၆၀၀ ကျော်နှင့် မြန်မာပြည်သူလူထု နှစ်သိန်းနှစ်သောင်းကျော်ပါဝင် လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာကို ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရထံသို့ ပေးပို့တောင်းဆို ခဲ့သော်လည်း တစ်စုံတရာ တုန့်ပြန်မှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု မရှိသည့်အပေါ် ယခုလို ဒုတိယ အကြိမ် ပေးပို့တောင်းဆိုရခြင်းဖြစ်သည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြရေးသားထားသည်။

“မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းအား ပိတ်ဆို့ ဒဏ်ခတ် အရေးယူပေးရန် တောင်းဆိုခဲ့သည့် အိတ်ဖွင့်ပေးစာ တစ်စောင်အား လူကြီးမင်းတို့ထံ ပေးပို့ခဲ့ပါသည်။ သို့သော်လည်း လူကြီးမင်းတို့ဘက်မှ အကြောင်းပြန်စာ တစ်စုံတစ်ရာမှမရရှိခဲ့သည့်အပြင် အမေရိကန်အစိုးရမှ မြန်မာပြည်သူလူထု၏ အသံအား နားထောင်နေသည့် လက္ခဏာတိုးတက်မှုများအား စိုးစဉ်းမျှ လက်ရှိအချိန်ထိ မတွေ့ရှိခဲ့ရေပေ”ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြရေးသားထားသည်။

ထို့အပြင် အရပ်ဖက်အဖွဲ့များ စုပေါင်းပေးပို့ခဲ့သည့် ၎င်းအိတ်ဖွင့်ပေးစာတွင်လည်း ဘိုင်ဒန်အစိုးရ၏ အရေးယူ ဆောင်ရွက်မှု မပြုသည့် စိုးရိမ်ချက်များအပေါ် နားလည်ကြောင်း ပြောဆိုထားသလို စစ်အုပ်စု၏ လူမဆန်သည့် ပြည်သူများအပေါ် ပိုမိုတိုက်ခိုက်ဖျက်ဆီးမှုများအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးအရင်းအမြစ်များကို မရရှိစေရန်၊ ပြတ်တောက်သွားစေရန်အတွက် သေချာစွာလုပ်ဆောင်ပြီး မြန်မာပြည်သူများ၏အသံကို မျက်ကွယ် မပြုထားရန်နှင့် မေ့လျော့သွားခြင်းမရှိစေရန် ထပ်မံတောင်းဆိုလိုက်ကြောင်းလည်း ဆိုထားသည်။

ဆက်လက်ပြီး ဘိုင်ဒန်အစိုးရအနေဖြင့် အရေးယူပိတ်ဆို့ဒဏ်ခတ်သည့် နည်းလမ်းကို အသုံးပြု၍ စစ်အုပ်စုထံ စီးဝင်နေသော သဘာဝဓါတ်ငွေ့မှ ဝင်ငွေများကို ရပ်တန့်စေရန် နိုင်ငံတကာအသိအမှတ်ပြုသည့် တရားဝင် အစိုးရကိုသာလျှင်ပေးဆောင်နိုင်ရေး ထိန်းသိမ်းထားပေးရန်နှင့် အမေရိကန် ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်ပါ စစ်အုပ်စုကို ဝင်ငွေပေးဆောင်နေသော ဓါတ်ငွေ့ကုမ္ပဏီများနှင့် ဘဏ်များကို အရေးယူဆောင်ရွက်မှု ပြုနိုင်ကြောင်း သတိပေးသွားရန်ကိုလည်း ပေးပို့စာတွင် တောင်းဆိုထားသည်။

ထို့နောက် စစ်အုပ်စုက ထိန်းချုပ်ထားပြီး သဘာဝဓါတ်ငွေ့ဝင်ငွေများကို ဆယ်စုနှစ်များစွာ ငွေကြေး ခဝါချပေးနေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဘဏ်များဖြစ်သည့် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များကိုလည်း ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများကို ချက်ချင်း လုပ်ဆောင်သွားရန် အရပ်ဖက် အဖွဲ့များက ဆက်လက်တောင်းဆိုထားသည်။

စစ်တပ်အနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ MOGE ကို အလုံးစုံထိန်းချုပ်လိုက်ပြီး ၎င်းမှ ရရှိသည့် ဝင်ငွေ ၁ ဒဿမ ၅ (၁.၅)ဘီလီယံကို သိမ်းဆည်းလိုက်ကာ ၎င်းငွေကြေး ဆက်လက်ရရှိနေခြင်းသည် ၎င်းတို့၏ ရက်စက် ယုတ်မာမှုများကို ဆက်လက်လုပ်ဆောင်စေနိုင်သလို အာဏာသိမ်းမှု အဆုံးမသတ်စေလိုစိတ်ကိုလည်း ဖြစ်ပေါ်စေကြောင်း ယခင်ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ရေးသားထားသေးသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ပေးပို့ခဲ့သည့် ပထမအကြိမ် အိတ်ဖွင့်ပေးစာတွင်လည်း အလားတူ ယခုပေးပို့ တောင်းဆိုသည့်အတိုင်း အရေးယူပိတ်ဆို့ မှုများ ပြုလုပ်သွားရမည့် အလားတူ အချက်များကိုသာ ထပ်မံတောင်းဆို ထားသည်ကို တွေ့ရသည်။