Home သတင်း ဖားအံမြို့ပေါ်ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူ

ဖားအံမြို့ပေါ်ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူ

661

ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီကျင်းပမည့် ၂၀၂၃ ခုနှစ် PR (အချိုးကျ)စနစ်ဖြင့် ပါတီစုံ ရွေးကောက်ပွဲအတွက် လူနေရပ်ကွက်များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနှင့် အုပ်ချုပ် ရေး အဖွဲ့များက ဧည့်စာရင်းစစ်သည့် အစီအစဉ်ဖြင့် မဲစာရင်းကောက်ခံမှုကို တစ်ပါတည်း လုပ်ဆောင် နေကြောင်း မြို့ခံရပ်ကွက်သားပြောစကားအရ သိရသည်။

“အခု ရက်ပိုင်း ဧည့်စာရင်းစစ်တယ်၊ ကိုယ်ထင်တာက မသင်္ကာတဲ့အိမ်ဧည့်စာရင်းသာမန်စစ်တယ်ပေါ့၊ သိရတာက ဧည့်စာရင်းစစ်ရင်း မဲစာရင်းကောက်တာ ဖြစ်နေတယ်၊ မိသားစုအချက်အလက်တွေ အသက် အပိုင်းအခြားတွေ၊ မှတ်ပုံတင်ရှိမရှိမေးတယ်၊ မလုပ်ရသေးရင် လုပ်ပေးမယ် ပြောတယ်၊ အခု မြို့နယ် ရွေးကောက်ပွဲရုံးမှာ မဲစာရင်းသင်တန်းပေးနေတယ်၊ ရပ်ကွက်တွေမှာလည်း ဧည့်စာရင်းမစစ်ခံရတဲ့ အိမ် တွေဆို နေ့ခင်းဘက် ကိုယ့်အိမ်က သန်းခေါင်စာရင်းလာတောင်းတယ်” ဖားအံ မြို့ခံ ရပ်ကွက် သားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ နိုင်ငံလုံးဆိုင်ရာ ဦးစီးကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲလုပ်ရန်အတွက် ကရင်ပြည် နယ်အတွင်း မြို့နယ်ရပ်ကွက်များတွင် မဲစာရင်းစတင်ကောက်ခံ မှတ်တမ်းပြုစုမှုအား ဒေသအတွင်း ပြောင်းရွှေ့အခြေချနေထိုင်နေကြသူများအား နယ်ပြောင်း/မြို့ပြောင်း/ရပ်ကွက်ပြောင်းရွှေ့ နေထိုင်သည့် အထောက်အထား တစ်စုံတစ်ရာ ပြစရာမလိုဘဲ ပြည်နယ် မှတ်ပုံတင်၊ သန်းခေါင်စာရင်း အချက်အလက် များဖြင့် ပြုလုပ်ပေးမည်ဟု ဧည့်စာရင်း စစ်ဆေးစဉ် စစ်ကောင်စီဘက်က ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

အမှတ် ၉ ရပ်ကွက်သားတစ်ဦးက “အခုက သူတို့က ကိုယ့်ကရင်နယ်ထဲ စီးပွားရေးလူမှုရေးအရ ရွှေ့ပြောင်းအခြေချလာပြီး နေထိုင်ရောင်း၀ယ် အလုပ်လုပ်ကိုင် နေထိုင်နေကြတဲ့ တခြားပြည်နယ် မြို့ရွာတွေက မိသားစုတွေကို နယ်မြေပြောင်း လ၀က ပုံစံ (၁၀) အထောက်အထားထောက်ခံစာတို့ မွေးစာရင်းအချက်အလက်တို့မလိုဘဲ ရောက်ရှိနေထိုင်ရာ မြို့ရွာရပ်ကွက်မှာပဲ စာရင်းကောက်ပြီး သန်းခေါင်စာရင်းတွေ၊ မှတ်ပုံတင်တွေ ထုတ်ပေးမယ်၊ သူတို့ဌာနဆိုင်ရာချင်းပြန် ချိတ်ဆက်ပြီး အထောက်အထားယူမယ်လို့ ပြောတယ်ဆိုတော့ ကျနော်တို့ ရပ်ကွက်သားတွေ စိတ်ပူတယ်”ဟု ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှိုင်းဘွဲ မြို့နယ်မှအပ ကျန်မြို့နယ်များဖြစ်သော ကြာ အင်းဆိပ်ကြီး၊ သံတောင်၊ ကော့ကရိတ်၊ မြ၀တီမြို့နှ့င်ဖာပွန်မြို့နယ်ကျေးရွာများအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များတိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း အုပ်ချုပ်ရေးမှူးများ လစ်လပ်နေသည့်အတွက် မဲစာရင်းကောက်ရန် စစ်တပ်ထောက်ခံသူအချို့နှင့် စစ်တပ်၊ ရဲတပ်ဖွဲ့မှ ဧည့်စာရင်း စစ်သည့်ပုံစံဖြင့် စစ်ကြောင်းထိုး လှည့် လည်ကာ စစ်ဆေးကောက်ခံမှုမျိုး လုပ်ဆောင်နေကြောင်း ကော့ကရိတ် အမှတ် (၂) ရပ်ကွက် နေထိုင်သူများ ပြောဆိုချက်အရ သိရသည်။