Home သတင်း တော်လှန်ရေးရန်ပုံငွေအတွက် မင်းအောင်လှိုင်မျက်နှာပုံစံဖြင့် ခြေသုတ်ခုံ ထုတ်လုပ်ရောင်းချ

တော်လှန်ရေးရန်ပုံငွေအတွက် မင်းအောင်လှိုင်မျက်နှာပုံစံဖြင့် ခြေသုတ်ခုံ ထုတ်လုပ်ရောင်းချ

669

ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးအတွက် ရန်ပုံငွေရရှိရန်ရည်ရွယ်ပြီး Five S.E.T အဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်း အောင်လှိုင်မျက်နှာပုံစံဖြင့် ခြေသုတ်ခုံများအား ဒီဇင်ဘာလ(၂၅)ရက်နေ့မှစ၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ၎င်းအဖွဲ့၏ ပြောစကားအရ သိရသည်။

အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ ဒီထုတ်ကုန်က ကျနော်တို့ကိုယ်တိုင် တော်လှန်ရေးအတွက် ရန်ပုံငွေရရှိ အောင် ရည်ရွယ်ပြီး ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ ရောင်းချလို့ရတဲ့အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်းလုံးကို ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဆီ တိုက်ရိုက်ပြန်လည်လှူဒါန်းသွားမှာပါ။” ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ ခြေသုတ်ခုံများအား ၎င်းတို့၏ Five S.E.T ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဆက်သွယ် ဝယ်ယူနိုင်ပြီး လတ်တလောတွင် စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံ နှစ်နိုင်ငံအတွက်သာ ဝယ်ယူ၍ရနိုင်သေးသဖြင့် အခြားနိုင်ငံများ၌ပါ ဝယ်ယူရရှိနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူက ဆက် ပြောသည်။

ထို့သို့ဝယ်ယူရာတွင် ငွေပေးချေမှုအတွက် NUG Pay ဖြင့်သာမက စင်္ကာပူနိုင်ငံမှဝယ်ယူပါက Pay Now ဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဝယ်ယူပါက Kookmin Bank ဖြင့် ငွေပေးချေမှုလုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း Five S.E.T အဖွဲ့ကပြောသည်။

၎င်းခြေသုတ်ခုံများ ထုတ်လုပ်ရောင်းချလျက်ရှိသည့် Five S.E.T အဖွဲ့တွင် Five Fingers Teamနှင့် Spring Embrace Team-S.E.T အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး စင်္ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် မြန်မာ နိုင်ငံမှ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူငယ်များ စုပေါင်းပါဝင်၍ ယခုကဲ့သို့ ကိုယ်တိုင်ထုတ်လုပ် ရောင်းချခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။