Home သတင်း အုပ်ချုပ်ရေးယန္တရားကို ဝင်ရောက်စွက်ဖက်မှုမလုပ်ရန် ကော်သူးလေတပ်မတော်အား KNU တပ်မဟာ ၄ ပြောဆို

အုပ်ချုပ်ရေးယန္တရားကို ဝင်ရောက်စွက်ဖက်မှုမလုပ်ရန် ကော်သူးလေတပ်မတော်အား KNU တပ်မဟာ ၄ ပြောဆို

1033
Photo: Crd.

ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၏ အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ဝင်ရောက်စွက်ဖက်မှုလုပ်ရပ်များမပြုလုပ်ရန် Kaw Thoo Lie Army ၏ ဆာကဆော တပ်မဟာထံ ကေအဲန်ယူ တပ်မဟာ(၄)ဗျူဟာမှူးက အသိပေးစာတစ်စောင်ပေးပို့ခဲ့သည်။

ကရင်ဘာသာဖြင့် ရေးသားထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်နေ့ရက်စွဲဖြင့် ဆာကဆော တပ်မဟာထံပေးပို့သည့် ကေအဲန်ယူ တပ်မဟာ(၄) ဗျူဟာမှူးစောအယ်မြင့်စေး၏စာတွင် ဆာကဆောတပ်မဟာသည် ကေအဲန်ယူ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရေး ပြောဆိုဆန့်ကျင်မှုများအပြင် သွားလာနေကြသော ကေအဲန်ယူအဖွဲ့ဝင်များကိုလည်း စစ်ဆေး မေးမြန်းခြင်း၊ ဒေသခံလူထုများကိုလည်း ပြန်လည်တိုက်ခိုက်မှုများလုပ်ဆောင်နေလျက်ရှိကြောင်း အသိပေး စာထဲတွင် ပြောဆိုသည်။

ထို့အပြင် ဆာကဆော တပ်မဟာတပ်ဖွဲ့ဝင်အချို့သည် ကေအဲန်ယူ၏ အုပ်ချုပ်ရေးနယ်မြေထဲသို့ ဝင်ရောက်လှုပ် ရှားပြီး ကေအဲန်ယူအဖွဲ့အစည်းကိုလည်း လေးစားမှုမရှိသည့်အပြင် နှောင့်ယှက်မှုများလုပ်ဆောင်ပြီး ဒေသခံ လူထုများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ခြိမ်းခြောက်မှုများ လုပ်ဆောင် နေကြောင်း ကေအဲန်ယူ တပ်မဟာ(၄) ဗျူဟာမှူးစာတွင် ဖော်ပြထားသည်။

ကေအဲန်ယူ၏ ပေးပို့စာနှင့်ပတ်သက်၍ စင်စစ်မြေပြင်တွင် ဆာကဆောတပ်မဟာတပ်ဖွဲ့ဝင်များသည် ရန်သူကို တိုက်ခိုက်ရာတွင် အောက်ခြေကေအဲန်ယူတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်းနှင့် ဒေသခံပြည်သူများ ကိုလည်း ဒုက္ခပေးခြင်းမရှိကြောင်း Kaw Thoo Lie Army ဖွဲ့စည်းတည်ထောင်သူ ဗိုလ်ချုပ်စောနယ်ဒါးမြက ကေအိုင်စီသို့ ပြောသည်။

“ ကျနော်သိရသလောက် လူထုတွေကို တားမြစ်တာတွေဘာတွေမရှိပါဘူး။ သူတို့ တားမြစ် ပိတ်ပင် တာတွေက ရန်သူအတွက်လုပ်ပေးတဲ့လူတွေကိုပဲ သူတို့လုပ်တာ။ ပြီးတော့ ဒေသခံလူထုတွေကို ပြန်တိုက်ခိုက်တာတွေတော့ မရှိလောက်ဘူး။ ဘာဖြစ်လဲဆိုရင် လူထုတွေက သူတို့ကို ထောက်ခံတယ်။ ကူညီမှုတွေပေးလို့သာ သူတို့ရပ်တည်နိုင်တာလေ။ ပြည်သူလူထုက သူတို့ကိုမချစ်ရင် သူတို့ရပ်တည်နိုင်မှာမဟုတ်ဘူး”ဟု ဗိုလ်ချုပ် စောနယ်ဒါးမြ ပြောသည်။

ထို့အပြင် ပြေပြင်ရှိ ကော်သူးလေတပ်မတော်(KTLA)၏ ဆာကဆောတပ်မဟာ တာဝန်ခံ ဗိုလ်အယ်ကွီးတို့သည် ကေအဲန်ယူ အုပ်ချုပ်ရေးယန္တရားများကို ထိခိုက်စေနိုင်သည့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်မည်မဟုတ်ကြောင်း လည်း KTLA ၏ တည်ထောင်သူ ဗိုလ်ချုပ်စောနယ်ဒါးမြက ဖြည့်စွက်ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၄) ဗျူဟာမှူး၏ ပေးပို့စာတွင်မူ ဆာကဆောတပ်မဟာသည် ဒေသခံလူထုများကို ခြိမ်းခြောက်နေသည့်အပြင် မတရားငွေတောင်းခံခြင်း၊ အလုပ်လုပ်ကိုင်စားသောက်နေသည့် ဒေသခံလူထု များသည် ၎င်းတို့တပ်ဖွဲ့ထံ ခွင့်တောင်းပြီးမှသာအလုပ်လုပ်ခွင့်ပေးခြင်း စသည့်လုပ်ဆောင်ချက်များ လုပ်ဆောင်နေခြင်းသည် ကေအဲန်ယူ၏ အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်နှောင့်ယှက်ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ထဲတွင် အခြေချလှုပ်ရှားသည့် (Kaw Thoo Lei Army ) ၏ ဆာကဆောတပ်မဟာသည် ယခင်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO ၏ အထူးတပ်ရင်းတစ်ခုဖြစ်သည်။ ဗိုလ်ချုပ်စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေတပ်မတော် (Kaw Thoo Lei Army ) နှင့် ပူးပေါင်းပြီးနောက် ဆာကဆောတပ်မဟာအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။