Home သတင်း တောင်စွန်းရွာအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်နေ

တောင်စွန်းရွာအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်နေ

884

ဇန်နဝါရီ ၁ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွင် ယမန်နေ့ နံနက် ၄ နာရီကျော်အချိန်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီက ကျေးရွာအတွင်းသို့ စစ်သုံးလေယာဉ် များဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၁၆ နှင့် တောင်စွန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၏ ပရဝုဏ်မြေဧရိယာတွင် တပ်စွဲစခန်းချနေထိုင်သည့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေသည့်အတွက် လက်ရှိတွင် ဒေသခံရွာသား ရာနှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ရွာသားများက ပြောသည်။

“ မနေ့ည ၈ နာရီကျော်မှာတစ်ခါ တိုက်ပွဲဖြစ်တယ်။ ဒီမနက် ၄ နာရီအကျော်မှာ ပြန်ဖြစ်တယ်။ ရွာသား တွေကတော့ ထွက်ပြေးကုန်ပြီလေ။ တစ်ချို့လည်း ထွက်ပြေးမခင်လို့ ကျန်နေတာရှိတယ်။ ရဟတ်ယာဉ် ၂ ကြိမ်နဲ့ ဂျက်ဖိုက်တာတစ်ကြိမ် ဗုံးလာကြဲသွားတယ်။ ရွာထဲမှာ မီးခိုးထွက်တာ လှမ်းမြင်နေရတယ်။ ထိခိုက်မှုတော့ မသိရ သေးဘူးပေါ့နော်” ဟု တောင်စွန်းရွာသူ တစ်ဦးက ယနေ့ဇန်နဝါရီ ၁ ရက် ကေအိုင်စီ သို့ ပြောသည်။

စစ်ကောင်စီမှ လေယာဉ်များဖြင့် ယနေ့နံနက် ၈ နာရီတစ်ကြိမ်၊ ၁ဝ နာရီတစ်ကြိမ်နှင့် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် တောင်စွန်း၊ ဝင်းခန၊ အနန်းကွင်း၊ ခုံခံ၊ ဆင်ပြေးနှင့် အခြားကျေးရွာအသီးသီးမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး နေ့လည် ၁ နာရီကျော် လာသည့်အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေဆဲဖြစ်သည်ဟု စစ်ရှောင်ဒေသခံများထံမှ သိရသည်။

တောင်စွန်းကျေးရွာ စစ်ကောင်စီစခန်းအနီး တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်သည့်အပေါ် နှစ်ဖက်ထိခိုက်မှု အခြေအနေအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီတပ်စခန်းဝင်းအတွင်း မီးခိုးလုံးများထွက်လာနေသည်ကို လှမ်းမြင်နေရလျက်ရှိသည်ဟု စစ်ရှောင်ရွာသားများထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ် လွတ်ရှမ်း၊ အနန်းကွင်း၊ တံခွန်တိုင်၊ တောင်စွန်းကျေးရွာတွင် ပူးပေါင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် BGF -နယ်ခြားစောင့်တပ်တို့သည် ဝင်ထွက်သွားလာနေကြသော ဒေသခံရွာသားများအား မကြာခဏစစ်ဆေး မေးမြန်းလျက်ရှိသလို ၎င်းတို့စခန်းအား ပစ်ခတ်တိုက်ခိုက်မှုပြုုလုပ်ပါက ကျေးရွာလုံးကျွတ် မီးပြာကျပစ်မည်ဟု ရွာသားများအား ခြိမ်းခြောက်ပြောဆိုလေ့ရှိသည်ဟု ဝင်းရော်ဒေသခံများထံမှ သိရသည်။