Home သတင်း ကရင်နီရှိ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် အနွေးထည်များလိုအပ်နေ

ကရင်နီရှိ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် အနွေးထည်များလိုအပ်နေ

967

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကယား(ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူသည် လက်ရှိအချိန်တွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ဆောင်းရာသီ အအေးပိုလာမှုကြောင့် အနွေးထည်လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

တိုက်ပွဲဖြစ်သည့်အချိန်တွင် နီးစပ်ရာတောတောင်များ၊ ၎င်းတို့ဆွေမျိုးများရှိသည့်ရွာများနှင့် အနည်း ငယ်လုံခြုံသည့်နေရာများတွင် သွားနေထိုင်ကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် လေး၊ ငါးကြိမ်မက နေရာရွှေ့ပြောင်းစစ်ရှောင်နေရသဖြင့် စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့်လက်ရှိတွင် အအေးပိုလာသဖြင့် အနွေးထည်များလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူ ပရဟိတလူငယ်တစ်ဦးက ယခုလိုပြောသည်။

” တချို့ကျတော့ ခဏခဏပြောင်းနေရတော့ သေရင်သေပါစေဆိုပြီး အိမ်ပြန်ချင်နေကြပြီ။ ထမင်းဆိုလည်း သုံးနပ်ကိုနှစ်နပ်ပေါင်းစားတဲ့သူတွေ၊ ထမင်းကြမ်းကို နေခြောက်လှမ်းပြီး အလှူရှင်မလာလို့စားစရာမရှိရင် ရေနွေးနဲ့ပြန်ပြုတ်စားရတဲ့သူတွေရှိတယ်။ ဟင်းဆိုလည်း ရေလုံပြုတ် ပေါ့။ ကူညီနေတဲ့သူတွေလည်းရှိပေမယ့် ကရင်နီပြည်နယ်တစ်ခုလုံး စစ်ရှောင်သိန်းချီဆိုတဲ့ အနေ အထားက မနည်းတော့နိုင်သလောက်ပေါ့။ ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ကရင်နီ(ကယား)ပြည်နယ်ရှိ ဒီမောဆိုမြို့နယ် ဒေါကမီးကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၃)ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးအပြင် တိုက်လေယာဉ်များပါအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း KNDF က ထိုနေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်ပြည်သူတစ်ဦးက “လောလောဆယ် အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာအနီးအနားက ပြည်သူတွေ ဘေးလွတ်တဲ့နေရာကို ရွှေ့ကြတယ်၊ စစ်ရှောင်လာရတာလည်း ကြာနေတဲ့အတွက်ကြောင့် ဒုက္ခရောက် တာပေါ့၊ စားနပ်ရိက္ခာအတွက်လည်း အဆင်မပြေဘူး။ ဆောင်းရာသီက ဒီဘက်တအားအေးတော့ အနွေးထည်တွေလည်းလိုတယ်။ ဒေါပေါ်ကူးနားမှာ စစ်ရှောင်တွေရှိသေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အရမ်းနီးပေမယ့် ရေတွင်းတူးရင်ရေထွက်တော့ အဆင်ပြေလို့နေနေကြတာ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ၎င်းစစ်ဘေးရှောင်က “အခုတော့ အဲ့ဒီကနေ လွိုင်နမ်းဖဘက်ကို ပြန်ပြောင်းနေကြတယ်။ လက်နက်ကြီးကလည်း မနက်ရောညရော ဆက်တိုက်လိုလိုထုနေကြတာ။ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်ခုလုံးက ရွာတိုင်းလိုလိုမှာ စစ်ရှောင်တွေရှိတယ်။ အဲ့မှာက ရေဆို ဝယ်သုံးရတော့အဆင်မပြေဘူး။” ဟု ဆက်ပြောသည်။

လက်ရှိတွင် ဒီမောဆိုမြို့နယ် ကုန်းသာကျေးရွာ အရှေ့ဖက်နှင့် သေးဆူလဲ၊ ဒေါကမီးတို့တွင် စစ်ကောင်စီ စစ်တပ်က စစ်ကြောင်းထိုးမှုများရှိနေ၍ စစ်ရေးတင်းမာနေခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ၎င်းရွာများနှင့် အနီးတစ်ဝိုက်သို့ ဖြတ်သန်းသွားလာခြင်း၊ နေရပ်ပြန်နေထိုင်ခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း (KNDF)က ဒီဇင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။