Home ဆောင်းပါး မူမဲ့ပြီး အညံ့ခံအလျှော့ပေးလိုတဲ့ စေ့စပ်ဆွေးနွေးမှုမှန်သမျှ ဆန့်ကျင်တိုက်ဖျက်

မူမဲ့ပြီး အညံ့ခံအလျှော့ပေးလိုတဲ့ စေ့စပ်ဆွေးနွေးမှုမှန်သမျှ ဆန့်ကျင်တိုက်ဖျက်

840

မူမဲ့ပြီး အညံ့ခံအလျှော့ပေးလိုတဲ့ စေ့စပ်ဆွေးနွေးမှုမှန်သမျှ ဆန့်ကျင်တိုက်ဖျက်

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၁၁ရက်)

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတာဟာ လက်ရှိ ဘုံရန်သူ အကြမ်းဖက်(စကစ) စစ်အုပ်စုကို မုန်းတီး ခါးသီး နာကျည်းမှုတွေကို အထင်အ ရှားဖော်ပြတဲ့ စိတ်နေသဘောထား ဖော်ပြချက်တစ်ခုသာဖြစ်ပါတယ်။ အုပ်စိုးသူစစ်အုပ်စုအဆက် ဆက်ကျူးလွန်ခဲ့/ ကျူးလွန်ဆဲ အကြမ်းဖက် ဖိနှိပ် သတ်ဖြတ်မှုတွေကို ကမ္ဘာမကြေဘူး၊ ခွင့်မလွှတ်ဘူးလို့ ပြောတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာတော့ “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဆိုတာကို မူတစ်ခု၊ ပေါ်လစီတစ်ရပ်သဖွယ် အသေကိုင်စွဲ ထားလို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘယ်လိုအချိန်ကာလ၊ ဘယ်လိုအခြေအနေမှာ၊ ဘယ်လို မူ၊ သတ်မှတ်ချက်တွေနဲ့ ဆွေးနွေးမလဲဆိုတဲ့ အချက်ကသာ အရေးကြီးပါတယ်။ မူမဲ့တဲ့/အညံ့ခံအလျော့ပေးတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရမှာပါ။ ၁၉၄၈ – ၄၉ ပြည်တွင်းစစ် စတင်ချိန်ကာလကနေ ယနေ့အချိန်ထိ စစ်ရေးနည်းနဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ ကာလတွေရှိသလို စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေး ကြတဲ့ကာလတွေလည်း ရှိခဲ့/ရှိဆဲဖြစ်တာကို အထင်အရှား လေ့လာတွေ့ရှိနိုင်ပါတယ်။

စစ်ရေးနည်းနဲ့တိုက်ကြတယ်၊ စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးကြတယ်ဆိုတာတွေဟာ “နည်းလမ်း” တွေပါပဲ။

၁၉၄၈ – ၄၉ ခုနှစ်ကနေ အုပ်စိုးသူအဆက်ဆက်ကို ခုခံတိုက်ခိုက်လာကြတဲ့ ပါတီ၊ အဖွဲ့အစည်းတွေဟာ အုပ်စိုးသူနဲ့ မဆွေးနွေးဖူးတဲ့ ပါတီအဖွဲ့အ စည်းရယ်လို့ မရှိသလောက်ပါပဲ။ အကြိမ်အများဆုံး (တရားဝင်/အလွတ်သဘော) ဆွေးနွေးကြတာဟာ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ဖြစ်နေ တာကို တွေ့ရပါလိမ့်မယ်။ ထူးခြားတာက ကာလတစ်ခုထိ ခေတ္တ ခဏအဆင်ပြေနေကြပြီး အချိုးအကွေ့တစ်ခုမှာ အကြောင်းပြချက်တစ်ခုခုနဲ့ ပျက်ပြား သွားတတ်ကြပါတယ်။

အုပ်စိုးသူအဆက်ဆက်ဟာ ဘယ်အဖွဲ့အစည်းနဲ့မှ နိုင်ငံရေးအရ ပြီးပြတ်ပြေလည်တဲ့ အဖြေမရရှိဘဲ ယာယီအပစ်အခတ်ရပ်စဲကြတဲ့ အဆင့်မှာပဲ ရရှိထားတဲ့ နားလည်မှုပျက်ပြားပြီး ပြန်လည်တိုက်ကြခိုက်ကြတာပါပဲ။ တချို့တွေဆိုရင် မိခင်အဖွဲ့အစည်းကနေ ခြေစုံကန်ခွဲထွက်ကြပြီး မဟာဗမာ ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်အုပ်စုနဲ့အကြောင်းဆက် ပေါင်းဖက်သွားကြပါတယ်။ တချို့အဖွဲ့အစည်းတွေ (အလံနီနဲ့ ပြည်သူ့ရဲဘော်)ဆိုရင် လုံးလုံး လျားလျား လက်နက်ချသွားကြပါတယ်။

မကြာခင်ကပဲ (ULA/AA)က အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့ အလွတ်သဘောနားလည်မှုနဲ့ (ယာယီ) အပစ်အခတ် ရပ်စဲသွားပါတယ်။ သူတို့ရဲ့ ယာယီအပစ်ရပ်မှုဟာ ကာလဘယ်လောက် တာရှည်ခံမလဲ မသိနိုင်ပါဘူး။ ရခိုင်ပြည်နယ်ဘက်မှာ အခုလို အပစ်အခတ်ရပ်စဲတာမှာ ပြည်ပဩဇာသက် ရောက်မှု တစ်စုံတစ်ရာ အတိုင်းအတာ ပါဝင်နေတာကိုလည်း အထင်အရှား မြင်ကြရပါတယ်။ ဒီလို ယာယီအပစ်အခတ်ရပ်စဲထားမှုဟာ အကြမ်းဖက် (စကစ) စစ်အုပ်စုအတွက် အကျိုးစီးပွားသာသာထိုးရှိတာမို့ “ပြည်ပက ဝင်ရောက်စွက်ဖက်တယ်” ဆိုတဲ့ ငယ်သံပါအောင် အော်ဟစ်တာမျိုး မကြားရပါ ဘူး။

ဒါ့အပြင် (NCA)စာချုပ် လက်မှတ်ထိုးအဖွဲ့ ၇ဖွဲ့(NCA – S – EAO)က ဗိုလ်ရာပြည့်ကော်မတီ(NSPNC)ထံ (၇-၁၂-၂၀၂၂)ရက်စွဲနဲ့ “အလွတ်သဘော တွေ့ဆုံရန်ညှိနှိုင်းခြင်း” ဆိုတဲ့ စာကိုလည်း ဖတ်ရပါတယ်။ ဒီအဖွဲ့ ၇ဖွဲ့ဟာ မင်းအောင်လှိုင်နဲ့ ၂ကြိမ် သို့မဟုတ် ၃ကြိမ် တွေ့ဆုံဆွေးနွေးထားပြီးတဲ့ အဖွဲ့ တွေဖြစ်ပါတယ်။ သူတို့ တစ်ဖွဲ့ချင်းစီမှာလည်း ဘယ်လို အကျိုးစီးပွား ငမ်းငမ်းတက် ဆာလောင်မှု သို့မဟုတ် ဘယ်လို ဖိအား၊ ဆွယ်အား၊ တွန်းအားတွေ ရှိနေသလဲတော့ မသိပါဘူး။

ဒါ့အပြင် လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဒီချုပ်ပါတီဝင်တချို့ နိုဝင်ဘာလကုန်ပိုင်းက လာရောက်တွေ့ဆုံတဲ့သတင်းလည်း ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်က အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ စွက်ဖက် ချုယ်ခြယ် ခြေရှုပ်မှုနဲ့ ပျော့ညံ့ တွေဝေယိမ်းယိုင်နေကြတဲ့ ဒီချုပ်ပါတီဝင်ဆိုသူတချို့ရဲ့ သရုပ်သကန်ကို တွေ့မြင်လိုက်ကြရပါတယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့ ဆွေးနွေးချင်သပဆိုရင် ဒီမိုကရေစီအလင်းရောင်အောက်မှ တန်းတူရည်တူ သိက္ခာ ရှိရှိဆွေးနွေးကြစမ်းပါ။ တိုင်းပြည်နဲ့ ပြည်သူကို အတိအလင်း အသိပေးကြေညာပြီး ဆွေးနွေးကြပါ။ အခုလို မှောင်ခိုတွေ့ဆုံကြဖို့ ကြံစည်ကြတာ၊ နိုင်ငံရေးခြေပုန်းခုတ်ကြတာ မျိုးတွေဟာ နိုင်ငံရေးသိက္ခာ အင်မတန်ကင်းမဲ့လွန်းပြီး ရှက်ဖို့အလွန်ကောင်းပါတယ်။ ရှက်တတ်ကြမယ်ဆိုရင်ပေါ့လေ။

ဖိနှိပ်အုပ်စိုးသူတွေ တစ်လက်ပြီးတစ်လက် ပြောင်းလဲသွားကြသလို ခုခံတော်လှန်သူတွေဘက်ကလည်း မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားပါတယ်။ ဖိနှိပ်အုပ်စိုးသူတွေဘက်ကတော့ အရပ်သားဖိနှိပ်အုပ်စိုးသူ (ဖဆပလအစိုးရ) ဟာ ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အထိပဲ ၁၄နှစ် သာသာမျှသာ အုပ်စိုးသွားပြီး သူ့ဆီက အာဏာကို ဗိုလ်နေဝင်းစစ်အုပ်စုက လုယူသိမ်းပိုက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က စလို့ စစ်အုပ်စုအုပ်စိုးသူတွေဖြစ်တဲ့ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ-နအဖ၊ ဗိုလ်သိန်းစိန်တို့ကနေ ယနေ့ မင်းအောင်လှိုင် – စိုးဝင်းတို့ရဲ့ အကြမ်းဖက်(စကစ)စစ်အုပ်စုအထိ လက်ပြောင်းပြီး အုပ်စိုးလာတာ ဒီနေ့အထိပါပဲ။ ဒီအထဲမှာ “ဒေါ်အောင်ဆန်းစုကြည် – ဦးထင်ကျော် – ဦးဝင်းမြင့်” တို့ အုပ်ချုပ်ခွင့်ရခဲ့ကြတဲ့ ၅နှစ်တာ ကာလတိုကလေးကိုလည်း ထည့်တွက်ပါ။ တကယ့်အာဏာကတော့ စစ်အုပ်စုလက်ထဲမှာပဲရှိတာပါ။

လက်နက်ကိုင်တိုက်တာ သို့မဟုတ် တွေ့ဆုံဆွေးနွေးတာတို့ဟာ “နည်းလမ်း”တွေသာ ဖြစ်ပါတယ်။ မိမိအခြေအနေအရ၊ အချိန်အခါအရ ဘယ် နည်းလမ်းပဲကို ကိုင်စွဲထားပါစေ စစ်အုပ်စု၊ စစ်အစိုးရနဲ့ စစ်ဗြူရိုကရေစီယန္တရားကို အကုန်အစင် ဖျက်သိမ်းပစ်မယ်ဆိုတဲ့ မူနဲ့ ဦးတည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားဖို့တော့ လိုအပ်ပါတယ်။

စစ်အာဏာရှင်စနစ် (စစ်အုပ်စု၊ စစ်အစိုးရနဲ့ စစ်ဗြူရိုကရေစီယန္တရား)ကို အကုန်အစင် ဖျက်သိမ်းပစ်မယ်လို့ လေသံပစ်နေကြပေမယ့် တကယ့် လက်တွေ့မှာတော့ တချို့သော အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်(စကစ) စစ်အုပ်စုနဲ့ ကြိတ်ပုန်းခုတ်နေကြတယ်။

မူမဲ့တဲ့၊ မိမိတစ်ဦးချင်း ကိုယ်ကျိုးစီးပွားအတွက် မျှော်မှန်းပြီး ပြုလုပ်နေကြတဲ့ နိုင်ငံရေးခြေပုန်းခုတ်မှုတွေနဲ့ မူမဲ့ပြီး အညံ့ခံအလျှော့ပေးလိုတဲ့ စေ့စပ်ဆွေးနွေးမှုမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားကြရမှာဖြစ်ပါကြောင်း။