Home သတင်း စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်သွားရန် ဆုံးဖြတ်ထားကြသည့် CDM များ

စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်သွားရန် ဆုံးဖြတ်ထားကြသည့် CDM များ

823

စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်သွားရန် ဆုံးဖြတ်ထားကြသည့် CDM များ

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်က တိုင်းပြည် အာဏာကို သိမ်းယူပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများသည် CDM (Civil Disobedience Movement) တွင် ပါဝင်ခဲ့ကြသည်။ ၎င်း CDM များအနက် အချို့သော CDM များသည် အာဏာသိမ်းကာလ ကြာရှည်လာသည်နှင့်အမျှ ၎င်းတို့တွေ့ကြုံရင်ဆိုင်ရသော အခက်အခဲများနှင့် လက်ရှိ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် သူတို့၏ခံယူချက်နှင့်ပတ်သက်ပြီး စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်ခိုင်လေး ( ကျန်းမာရေးဝန်ကြီးဌာန၊ CDM ဝန်ထမ်း)
စစချင်းတုန်းကတော့ ဆန္ဒပြတယ်ဆိုပြီး ကိုယ့်ကိုသတင်းပေးတော့ စစ်တပ်က လိုက်ဖမ်းလို့ ထွက်ပြေးရင်းနဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းတော့ သူ့ရဲ့အဆက်အသွယ်နဲ့ တောတွင်း တစ်နေရာမှာနေရတယ်။ ကိုယ့်လည်းဘယ်သူမှထောက်ပံ့မယ့်သူ မရှိပါဘူး။ အသိအိမ်မှာ ဟိုဟာဒီ ဟာဝိုင်းလုပ်ပေးရင်းနဲ့ စားသောက်ရတာပဲလေ။ ပိုက်ဆံတော့မရဘူးပေါ့။

စစချင်းတုန်းကတော့ သူတို့မိသားစုနဲ့ကပ်နေတယ်။ နောက်တော့သူတို့က တဲလေးတစ်လုံးထိုးပေးတာနဲ့ အဲဒီတဲမှာ ကိုယ့်ဘာသာကိုယ်နေတယ်။ အိမ်ကမိသားစုကိုလည်း ဘာမှပြန်မပေးနိုင်ဘူး။ မိသားစုလည်း ခက်ခဲ တာပေါ့။ အိမ်ကအမေကိုလည်း ဒီတိုင်းပဲထားခဲ့ရတယ်။ အမေကလည်း အသက်၇၀ ကျော်ဆိုတော့ ကျန်းမာရေးသိပ်မကောင်းဘူး။

အာဏာသိမ်းပြီး စဖမ်းပြီဆိုကတည်းက ပြေးလာတာ အဲ့ဒီတုန်းကတော့ သူငယ်ချင်းတွေက ပေးတယ်။ နောက်ပိုင်း ထောက်ပံ့တဲ့သူတွေကို စကစက ဖမ်းတယ်ဆိုတော့ မပေးရဲကြတော့ဘူး။ အဲဒီကတည်းကပါပဲ။ လွတ်မြောက်နယ်မြေထိကို သွားဖို့ကလည်း အခက်အခဲက ရှိတယ်။ ပထမနေတဲ့နေရာက နယ်မြေကြမ်းလို့ ပြောင်းရင်းနဲ့ အခုလက်ရှိနေနေတဲ့ဘက် ရောက်လာတာ။

အလုပ်ကလည်း ထုတ်ခံရတယ်။ အရင်ကတော့ အထက်လူကြီးကပြန်ခေါ်တယ် မလာတော့ဘူးလို့ ကျမ ပြောလိုက်တယ်။ အဓိက အာဏာရှင်ကို တော်လှန်ရတယ်ဆိုတာ သူတို့လုပ်တဲ့လုပ်ရပ်တွေကို မကြိုက်လို့ပါ။ တလောလေးကဆိုရင် နေမကောင်းလို့ ဆေးခန်းရှိတဲ့နေရာကို ဆိုင်ကယ်နဲ့သွားပြတယ်။ လမ်းတစ်နေရာမှာ စားပွဲခုံနဲ့အသေအချာချပြီးတော့ကို ဆိုင်ကယ်တွေကိုဖမ်းနေကြတာ။ ဖမ်းပြီးတော့ ပိုက်ဆံ ၃ သောင်းတောင်းတယ်။ ဆေးကုဖို့မရှိတဲ့အထဲက သူများကိုလှမ်းလွှဲခိုင်းပြီး ပေးခဲ့ရတယ်။ နောက်ပြီး အလုပ်ထွက်ရပြီး ဒီဘက်မရောက်ခင် မြို့မှာတုန်းက တစ်နေရာမှာအလုပ်လုပ်မယ် နေမယ်လုပ်တော့ ဘေးနားမှာဒလန်တွေရှိတယ်လေ။ မေးမြန်းတယ် အစစ်အဆေးတွေလုပ်တယ်။ အဲ့ဒါနဲ့ပဲမလုပ်ရဲတော့ဘူး။

အရင်ကိုယ်ပိုင်ဝင်ငွေရှိတဲ့ဝန်ထမ်းဘဝကနေ အခုဆိုရင်တော့ အများကြီးကွာခြားသွားတာပေါ့။ စိတ်ကလည်းဟိုတွေးဒီတွေးပဲ။ ထမင်းနပ်မှန်စားရတယ်ဆိုတာလည်း တောထဲကအသီးအရွက်လေးတွေ ဟိုခူးဒီခူးနဲ့ စားရတယ်။ တော်တော်အခက်အခဲဖြစ်တာပါ။ အခုတော့ ကျမ သီးပင်စားပင်တွေ နည်းနည်းစိုက်ထားပြီး စားနေပါတယ်။

သားသမီးနဲ့မိဘဆီကတော့ သတိရလို့ဖုန်းဆက်ရင်တောင် အဆက်မခံဘူး အဆက်အသွယ်မလုပ်ကြဘူး။ အိမ်ဘေးမှာ ဒလန်သတင်းပေးတွေရှိတယ်လေ။ အဲ့ဒါကိုကြောက်လို့ပြောတယ်။ ကျမလည်း ရတယ် အဆက်အ သွယ်မလုပ်နဲ့လို့ ပြောလိုက်ပါတယ်။ အိမ်ကတော့ပြန်ချင်တာပေါ့၊ နေမကောင်းတော့ ပိုဆိုးတယ်လေ။ အသည်း ရောဂါဖြစ်ပြီး အသားတွေဝါ လူလည်းတော်တော်ပိန်ခြုံးကျသွားတော့ သူငယ်ချင်းတွေပို့ ပေးတဲ့ပိုက်ဆံနဲ့ ကုရသတယ်။ တစ်လတည်းကို ဆေးဖိုး ၆ သောင်းကုန်တယ်။ ရက်ချိန်းပြန်ပြရမယ်ဆိုတော့ လက်ထဲငွေမရှိတာနဲ့ သွားမပြတော့ပါဘူး။ အခုလည်း အင်္ဂလိပ်ဆေး မသောက်နိုင်တော့ တောထဲက ဆေးပင်ကြိုပြီးသောက်နေတယ်။ စိတ်ဓာတ်တွေလည်း ကျတယ်။ ဒါပေမဲ့ အဆုံးထိတိုက်ပွဲဝင်မှာပါ။ ကိုယ်လည်းရတဲ့နည်းလမ်းနဲ့ တိုက်နေတာပဲလေ။ ကျမစိတ်က ငယ်ငယ်လေးကတည်းက ဒီတစ်ခုကိုမကြိုက်ဘူးဆိုရင် အဆုံးထိပဲ။ သေတော့လည်း သေပေါ့။ အသက်ပေးနေရတဲ့သူတွေတောင် ရှိနေတာပဲလေ။ တော်လှန်ရေးကိုတော့ အဆုံးထိလုပ်သွားမှာပါ။

CDM ကျောင်းဆရာတစ်ဦး
CDM ဝန်ထမ်းတစ်ယောက်အနေနဲ့ အာဏာသိမ်းကာလကြာလာတာနဲ့အမျှ နံပါတ်တစ် ခက်ခဲ တာကတော့ စားဝတ်နေရေးပါ။ စားဝတ်နေရေးကိုအရင်ဆုံး ရင်ဆိုင်ရတယ်။ ဒုတိယက စားဝတ်နေရေး ပြေလည်ဖို့ဆိုတာ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရှိမှ ဖြစ်မှာ။ အခု ကျနော်က မြန်မာပြည်ထဲမှာလည်း မဟုတ်ဘူးလေ။ မြန်မာပြည်ထဲမှာဆိုရင်လည်း လွတ်လွတ်လပ်လပ်သွားလာလို့မရဘူး။ ဒီမှာဘာအလုပ်မှမရဘူး။ ရှိတဲ့ အလုပ်ကလည်း ပန်းရံတို့ဘာတို့လို အလုပ်ကြမ်းတွေပဲရှိတယ်။ ပြောရရင် ကောင်းမွန်တဲ့အလုပ်အကိုင်တစ်ခု မရှိတာကအခက်အခဲဖြစ်တယ်ပေါ့နော်။ နောက်ပြီး ဒီမှာ နေချင်တာက UNHCR က ဆောက် ထားပေး တာလိုမျိုးပေါ့ တရားဝင်နေထိုင်လို့ရတာပဲဖြစ်ဖြစ် အဲ့လိုမျိုးနေခွင့်ရချင်တယ်ပေါ့။

ဒီအချိန်မှာက မကောင်းတာတွေပဲများတော့ ကောင်းတဲ့အချက်ကိုပဲ ရှာကြံပြီးတွေးနေရတာပါပဲ။ ကျနော် တို့ကတော့ ပြည်တွင်းကိုပဲပြန်တွေးပါတယ်။ တော်လှန်ရေးမြန်မြန်ပြီးဖို့နဲ့ ဘာတွေအထောက်အကူပေးနိုင် မလဲဆိုတာပေါ့ အဲ့ဒါကနံပါတ်တစ်ပါ။ အဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အလုပ်လုပ်ရမှာပါ။ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ရပ်တည်နေရေးအတွက်လုပ်ပြီး အရွေ့တစ်ခုဖြစ်ဖို့ ငါဘာတွေထောက်ပံ့ပေး ရမလဲဆိုတာ တွေးပါတယ်။ အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ ခံယူချက်က ငါးနှစ်တာကာလအတွင်းမှာ ကျနော်တို့နိုင်ငံအများကြီး ဖွံ့ဖြိုးတိုးတက်မယ်၊ စက်ရုံလုပ်ငန်းတွေရောပေါ့ နောက်ပြီး သူများနိုင်ငံသွားအလုပ်လုပ်စရာမလိုဘဲ ကိုယ့်နိုင်ငံမှာ ကိုယ့်မိသားစုနဲ့ကိုယ် အေးဆေးဖြတ် သန်းဖို့ရည်ရွယ်ထားတာ အဲဒီအချိန်မှာ အာဏာကောက်သိမ်းလိုက်တဲ့အတွက်ကြောင့် မျက်စိပိတ်နားပိတ်ဖြစ်ခဲ့ရတဲ့ စနစ်ဆိုးကိုပဲပြန်ရောက်မယ်ဆိုတာ သိလိုက်ရတယ်။

ကျနော်တို့တွေမဖြစ်မနေလုပ်ရမယ်ဆိုတာကို သိလိုက်ရတဲ့အတွက် CDM လုပ်ခဲ့တာပါ။ အမြဲတမ်း ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် မျက်ခြေပြတ်လို့မဖြစ်ဘူးဆိုတဲ့ ခံစားချက်ကိုပဲ စိတ်ထဲအမြဲထည့်ထားပါတယ်။

ထပ်ဖြည့်ပြောချင်တာကတော့ အာဏာရှင်ကို တစ်နိုင်ငံလုံးကတော်လှန်နေကြတယ်။ ဒီ ၂ နှစ်တာ ကာလအတွင်းမှာ NUG ဘက်ပိုင်းအားနည်းနေတာ တချို့နေရာတွေမှာ မညီညွတ်တာတွေ ရှိနေတယ်ပေါ့နော်။ NUG ကိုရော တိုင်းရင်းသားတွေမှာဆိုရင်ရော တညီတညွတ်တည်း ဖြစ်ကြစေချင်တယ်။ KNU ဆိုရင်လည်း အဖွဲ့တွေကွဲနေတာတွေ့ရတယ်ပေါ့နော်။ အားလုံးကို တော်လှန်ရေးမှာ စည်းစည်းလုံးလုံးနဲ့ပါဝင်ကြစေချင်ပါတယ်။

CDM တက္ကသိုလ်ကျောင်းသူ
ကျောင်းကလည်းမပြီးသေးဘူး CDM လုပ်လိုက်တော့ ဘာအလုပ်အကိုင်မှမရှိဘူး၊ ဘာမှလည်းလုပ်လို့ မရဘူးပေါ့နော်။ အခုနောက်ပိုင်း အလုပ်ခေါ်ရင်တောင် ဘွဲ့ရမှဆိုတော့ ပထမနှစ် တောင်မပြီးသေးတဲ့ ကျောင်းသူတစ်ယောက်အနေနဲ့က အခက်အခဲရှိတာပေါ့။ အိမ်ကိုလည်း ဘာမှကူလုပ်မပေးနိုင်ဘူးလေ။ CDM လုပ်ကတည်းက အိမ်ကတော့ဘာဖိအားမှ မပေးပါဘူး။ အဲ့အတွက်ကြောင့်တော့ အဆင်ပြေတယ်ပေါ့နော်။ အခုထက်ထိပါပဲ။ နောက်ပိုင်း ကျောင်းထုတ်ခံရတယ်။ မြန်မာပြည်ကကျောင်းတွေက တက်လမ်းမှမရှိတာ။ အခုဆိုလည်း ကျောင်းထုတ်ခံရတယ်ဆိုတော့ ကျောင်းတက်ရဖို့လည်းမရှိတော့ဘူးလေ။ ကျောင်းတက်ချင်ရင်တောင် နိုင်ငံခြားမှာတက်ရမှာ။ နိုင်ငံခြားမှာသွားတက်ဖို့ကျတော့လည်း မိဘက မတတ်နိုင်ဘူးပေါ့။

အဲ့အတွက် နောင်တရတာတော့မရှိပါဘူး။ ကိုယ်လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တဲ့အရာတစ်ခုကို နောင်တမရဘူး။ နစ်နာတယ်လို့လည်း မခံစားရဘူး။ အာဏာရှင်တော်လှန်နေရတဲ့အပေါ် ခံယူချက်ကတော့ အာဏာရှင်လက်အောက်က ကျွန်ပညာရေးစနစ်ကို လက်မခံလို့ မတက်ချင်လို့ သူတို့လက်အောက်မှာမနေချင်လို့ ကျောင်းသွားမတက်ပဲနဲ့ အထုတ်ခံခဲ့ရတာ။ အဲ့အတွက်လည်း ဝမ်းမနည်းသလို အားမငယ်ပါဘူး။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိပါတယ်။

နောက်ပြီး ကျောင်းသွားတက်တဲ့ ကိုယ့်သူငယ်ချင်းတွေကိုကြည့်ပြီးတော့ ကိုယ်က ကျောင်းတက်ရမယ့်အရွယ်မှာ တော်လှန်ရေးလုပ်ရင်း တောထဲရောက်နေရတယ်ဆိုတော့ တစ်ခါ တလေပြန်စဉ်းစားရင်တော့ စိတ်မကောင်းဖြစ်မိတယ်။ အာဏာသာမသိမ်းခဲ့ရင် ကိုယ့်ဘဝကြီးက ကျောင်းလေးနှစ်တက်ပြီးရင် ဘွဲ့ရအလုပ်လုပ်ရမယ့်ဟာကို အာဏာသိမ်းလိုက်တော့ ဘဝကြီးက အစကနေပြန်ဖြစ်တယ်လို့ ခံစားရတယ်။

အိမ်ကနေ လွတ်လွတ်လပ်လပ် နေထိုင်လို့မရတဲ့ လူငယ်တစ်ယောက်အတွက်ကတော့ အစကနေ ကိုယ့် လမ်းကိုယ်ပြန်ရှာရတာတော့ နည်းနည်းအခက်အခဲဖြစ်ပြီး ဝမ်းနည်းရတာတော့ ရှိတာပေါ့။ ရောက်တဲ့နေရာမှာ တော့ လုပ်စရာရှိတာလုပ်ပြီး ပျော်အောင်အဆင်ပြေအောင်နေပါတယ်။ ဖြစ်ပြီးသွားတဲ့ကိစ္စကိုလည်း နောင်တမရပါဘူး။ ပြန်လည်းမတွေးချင်ဘူး။ ကျောင်းတက်တဲ့လူတွေကိုလည်း စိတ်တိုတယ်။ ကိုယ်တောင် တောထဲတောင်ထဲရောက်တဲ့အထိ လုပ်ခဲ့တယ်ပေါ့နော်။ ကျောင်းတက်တဲ့သူတွေ သူတို့မှန်တယ်ထင်ပြီး သွားတက်ကြတယ်။ အခုဆိုရင် ကျောင်းမတက်တဲ့သူတွေကိုတောင် ပြန်ပြောကြတယ်။ မသိရင် ကျမတို့က ကျောင်းမတက်လို့ ဒီလိုဖြစ်လာတာဆိုပြီးတော့ပေါ့။ စိတ်ထဲမှာ အမြဲတမ်းမှတ်ထားတာ တစ်ခုကတော့ အခုလို CDM လုပ်လိုက်တာ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်ဘူး။

ပြီးတော့ တောထဲမှာရဲဘော်တွေလည်း အများကြီးရှိတယ်။ အသက်ပေးလိုက်ရတဲ့ ကျောင်းသား လူငယ် တွေ အများကြီးရှိတဲ့အတွက် ကိုယ်ပေးဆပ်ရတာတောင် နည်းနေပါသေးတယ်။ သူများက အသက်တောင် ပေးလိုက်ရတာ။ ကိုယ်က ကျောင်းသွားမတက်တာလေးပဲ ပေးဆပ်လိုက်ရတာလေ။ အဲ့လိုစိတ်နဲ့ပဲ လောလောဆယ် အဆင်ပြေအောင်နေ နေပါတယ်။

နော်ထွေး (ကျန်းမာရေးဝန်ကြီးဌာန၊ CDM ဝန်ထမ်း)
အာဏာသိမ်းတာကြာလာတာနဲ့အမျှ စားဝတ်နေရေးခက်ခဲတာပေါ့။ ကိုယ့်မှာအလုပ်မရှိတော့ ဝင်ငွေ မရှိဘူး။ ဝင်ငွေမရှိတော့အဆင်မပြေဘူးလေ။ ဆွေမျိုးတွေ၊ သားသမီးတွေရဲ့အထောက်အပံ့နဲ့နေရတယ်ဆိုပေမဲ့ ဒါလည်း တစ်ခဏတာပေါ့။ သူတို့တွေကလည်း ကိုယ့်အတွက်ပါကြည့်နေရတော့ ငြိုငြင်မှာလည်းစိုးတယ်။ နေထိုင်မကောင်းတဲ့အခါဆို ပိုဆိုးတာပေါ့လေ။ တစ်ခါတစ်လေဆို တွေးပြီးစိတ်ဓာတ်ကျတဲ့အခါ ကျတဲ့စိတ် ဓာတ်ကို ကိုယ့်ထက်အသက်ပေးစွန့်လွှတ်ထားတဲ့ကလေးတွေ လူငယ်တွေကိုကြည့်ပြီး ပြန်မြှင့်တင်ရတယ်။ ငါက CDM လေးပဲလုပ်တာပါဆိုပြီး စိတ်ကိုပြန်အားတင်းရတယ်။ အရင်လိုပြည့်ပြည့်စုံစုံနေရတာမျိုးတော့ မဟုတ်ဘူး ပေါ့။ ဒီမှာ စားတဲ့သောက်တဲ့စရိတ်က ဈေးကြီးတယ်။ အရင်အိမ်က စပြေးလာခါကာစကဆို မြို့ထဲမှာ နေရာတွေ အမျိုးမျိုးပြောင်းနေပေမယ့် မလုံခြုံဘူးလေ။ CDM တွေဖမ်းတယ်ဆိုတော့ လက်ခံပေးထားတဲ့ အိမ်ပိုင်ရှင်ကိုလည်း အားနာရတယ်။ မလုံမခြုံနဲ့အကြောက်တလန့်နေခဲ့ရတာပေါ့။

ကျမ သားသမီးတွေကတော့ အရွယ်ရောက်ကုန်ကြလို့ တော်ပါသေးတယ်။ တချို့ဆို မိသားစုလိုက် ကလေးတွေနဲ့ပြေးလာရတာ။ ကာလကြာလာတာနဲ့အမျှ ပိုပြီးခက်ခဲနေကြတာပေါ့။ ကျမက အသက်လည်းကြီး ပြီဆိုတော့ အပြင်အလုပ်လည်း ဘာမှမလုပ်နိုင်ဘူးလေ။ ဈေးရောင်းဖို့ကျတော့လည်း လက်ရှိနေတဲ့နေရာဒေသက ရှိသေးတော့ သူတို့အထောက်အပံ့နဲ့ပဲ ခြိုးခြုံချွေတာပြီးတော့ နေရတာပေါ့။ အာဏာရှင်စနစ်ကို မကြိုက်လို့ ကျမ CDM လုပ်ခဲ့တာပါ။ ပြည်သူတွေကတော့ စစချင်းလုပ်တုန်းက ရုန်းမတက်နဲ့ရုန်းထွက် အိမ်မှာဇိမ်နဲ့နေပါပေါ့။ ဒါပေမယ့် ဇိမ်နဲ့နေပါဆိုတာ မဖြစ်နိုင်ပါဘူး။ အသက်ရှိစဉ်ကာလတစ်လျှောက် အလုပ်လုပ်ရမှာပဲ။

စစ်တပ်က အခုဆို မြို့တွေရွာတွေကို လေယာဉ်နဲ့ကအစ ဖျက်ဆီးတယ်။ ပြည်သူ့အိုးအိမ်တွေ ဖျက်ဆီးတယ်။ စားရေးသောက်ရေးကအစ လမ်းပန်းဆက်သွယ်ရေး အကုန်ပျက်စီးကုန်ပြီ။ အဲ့လိုဆိုတော့ ကိုယ်ကပိုပြီးစိတ်မချမ်းသာဘူး။ ခံယူချက်လည်း ပိုပြင်းလာတယ်။ အဲဒီအတွက်လည်း အသက်ပေး လိုက်ရတဲ့ကလေးတွေရဲ့ မိသားစုဝင်တွေကို ပိုပြီး စာနာတတ်လာတယ်။ ကိုယ်လည်း ဒုက္ခရောက်သလို သူတို့ကပိုဆိုးတယ်လေ။ ကျမနေတဲ့နေရာမှာ တချို့ဒီက ကလေးတွေက မြို့ပေါ်မှာ ကိုယ့်ပညာနဲ့ကိုယ် ကောင်းကောင်းနေခဲ့ကြတာ။ အခုဆို တောထဲမှာအသက်ပေးပြီး နေနေကြတယ်။ အဲ့ဒါကိုကျမ တွေ့နေရတယ်လေ။ သူတို့လေးတွေကို ကိုယ်ချင်းစာသလို စစ်တပ်ကိုလည်းအရမ်းမုန်းတယ်။ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ဥပဒေကိုလည်းမုန်းတယ်။ ကျမကတော့ အဆုံးထိတော်လှန်မှာပါ။

CDM လုပ်တယ်ဆိုတာလည်း တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်တယ်လေ။ ထင်းစည်း တစ်စည်းလိုပေါ့၊ ထင်းတစ်ချောင်းကို ကျိုးအောင်လုပ်ကောင်းလုပ်နိုင်ပေမယ့် ထင်းချောင်းတွေအများကြီးနဲ့ ထင်းစည်းကို ကျိုးအောင်မလုပ်နိုင်ဘူးလေ။ အဲ့လိုစိတ်ဓာတ်နဲ့ ကျမ CDM လုပ်တာပါ။ ငါ CDM မလုပ်လည်း ဖြစ်ပါတယ်လေဆိုတဲ့စိတ်ဓာတ်ထားရင် အကုန်လုံးက ဘာမှမတိုး တက်တဲ့ဝန်ထမ်းဘဝနဲ့ တစ်သက်လုံး ဒီတိုင်းပဲ နေနေရမှာ။ ကျမတိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါ။ ကိုယ့်အတွက်အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ဝန်ထမ်းလုပ်ခဲ့တာ ပင်စင်လစာကို မက်လို့ပါ။ ပင်စင်ယူဖို့လည်း နီးပါပြီ။ ဒါပေမဲ့ မရလည်း နေပါစေတော့ ဒီစနစ်ဆိုးကို ရအောင်တိုက်ဖျက်မယ်ဆိုပြီး ကျမ CDM လုပ်ခဲ့တာပါ။