Home သတင်း KNU တပ်မဟာ(၁)ဌာနချုပ်ရုံးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် တိုက်ခိုက်

KNU တပ်မဟာ(၁)ဌာနချုပ်ရုံးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် တိုက်ခိုက်

931
Photo: CJ

နိုဝင်ဘာ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

သထုံခရိုင်၊ ဘီးလင်းမြို့နယ် တိုတယ်ခီးကျေးရွာရှိ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ဌာနချုပ်ရုံးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ (၁၂)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနှင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမှုမရှိသော်လည်း အဆောက်အဦး၂ လုံး ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီတစ်ကြိမ်လာပစ်တာက တပ်မဟာဌာနချုပ်ရုံးမှာသွားပြီးတော့ သွားပစ်ချတယ်။ ၂ ကြိမ်လာပြီး ၄ လုံးပစ်ချတယ်၊ ဒါပေမယ့် လူမရှိဘူး ။ လူမရှိတော့ အဲဒီမှာ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူး။ အဆောက်အဦးတွေတော့ ထိသွားတာရှိတယ်။ ပြီးတော့ အရင်တစ်ခါတုန်းကလည်း အဖွဲ့အစည်းနဲ့မ ဆိုင်တဲ့ရွာမှာလည်း ပစ်ခဲ့တာရှိခဲ့တယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့ညတွင်လည်း ဘီးလင်းမြို့နယ် ဘောနော်ဝါးကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်က ဂျက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ကေအဲန်ယူ ဘီးလင်းမြို့နယ်ထဲတွင် လေယာဉ်နှင့် လာရောက်ပစ်ခတ်မှုနှင့် ကင်းထောက်လေယာဉ်များနှင့်မကြာခဏ လာရောက် စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်သည့်အတွက် လေးကေ၊ ဝင်းတာပန်၊ ကျောက်ဖြာ၊ မြစ်ကျိုးနှင့် အနီးအနားကျေးရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကျိုးဒေသခံတစ်ဦးက “ဒီရက်ပိုင်းလေယာဉ်လာပစ်မယ်လို့ အဲလိုပြောတာကြားတာပဲ။ အဲဒါကြောင့် ကြိုတင်တိမ်းရှောင်ကြတာ။ ရွာမှာတော့ တစ်အိမ် တစ်ယောက်နှစ်ယောက်လောက်ကျန်တယ်။ လေယာဉ်လာပစ်တာ ညအချိန်ပဲပစ်တာများတယ်ဆိုတော့ တချို့က ညပိုင်းရှောင်ပြီး နေ့ပိုင်း အိမ်ပြန်လာကြည့်တာလည်းရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအပြင် တပ်မဟာ (၅)နှင့် တပ်မဟာ(၆) နယ်မြေ ဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။