Home သတင်း စစ်ကောင်စီမှ အမျိုးသမီးနှင့်ကလေးငယ်များအား စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုကျူးလွန်နေမှုကို အရေးယူပေးရန် နိုင်ငံတကာသို့ NUCC တောင်းဆို

စစ်ကောင်စီမှ အမျိုးသမီးနှင့်ကလေးငယ်များအား စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုကျူးလွန်နေမှုကို အရေးယူပေးရန် နိုင်ငံတကာသို့ NUCC တောင်းဆို

873

နိုဝင်ဘာ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီမှ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုကာ ကျူးလွန်နေမှုအား နိုင်ငံတကာမှ အရေးယူပေးရန် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ လှုပ်ရှားမှုအတွက် နိုဝင်ဘာလ ၂၇ရက်နေ့ ထုတ်ပြန်ချက်တွင် တောင်းဆိုခဲ့သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ နွေဦးတော်လှန်ရေးနောက်ပိုင်း စစ်ကောင်စီမှကျူးလွန်ခဲ့သော အဓမ္မပြုကျင့်မှု(မုဒိမ်းမှု) ၄၀ကျော်ရှိပြီး ၎င်းအမှုများထဲတွင် (၁၂)မှုမှာ အဓမ္မကျင့်ကာ သတ်ဖြတ်ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီမှ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်းကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) တွဲဖက်အထွေ ထွေအတွင်းရေးမှူး(၂)ဖြစ်သူ NUCC ၏ အမျိုးသမီးအဖွဲ့ကိုယ်စားလှယ် လွေးပိုးငယ်က ယခုလို ပြောသည်။

လွေးပိုးငယ်က “နိုင်ငံတကာက အကြမ်းဖက်စစ်ကောင်စီက ဒီလိုရာဇဝတ်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုမယ်ဆိုရင် မုဒိမ်းကျင့်ခွင့်လိုင်စင် ပေးလိုက်တာနဲ့ အတူတူ ပါပဲ။ စစ်ကောင်စီကို အရေးယူမှုမလုပ်ဘဲနဲ့ ကင်းလွှတ်ခွင့်ပေးနေတာတွေပပျောက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံတကာတရားရုံးဆီ မင်းအောင်လှိုင် တို့ အကြမ်းဖက်စစ်ကောင်စီအုပ်စုကို လက်လွှဲပေးဖို့ လိုအပ်တယ်ပေါ့နော်။ အဲ့ဒါကို အဓိကထားပြီး တောင်းဆိုတာဖြစ်တယ်။ သို့မှသာလျှင် တာဝန်ယူမှု တာဝန်ခံမှုကိစ္စက ပေါ်လာပြီး နစ်နာသူအမျိုးသမီးတွေအတွက် တရားမျှတမှုကို တစ်စုံတစ်ရာ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။”ဟု နိုဝင်ဘာ ၂၈ရက်၊ ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

အမျိုးသမီးများသည် မြန်မာ့တော်လှန်ရေးတစ်လျှောက်တွင် ပါဝင်လာခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့နောက်ပိုင်း တော်လှန်ရေးတွင်လည်း ရွပ်ရွပ်ချွံချွံ အလွှာအ သီးသီးမှ ပါဝင်တိုက်ပွဲဝင်ခဲ့သည်ဟု NUCC ထုတ်ပြန်ချက်တွင် ပြောဆိုထားပြီး မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းပဋိပက္ခ နှစ်ရှည်လများ ဖြစ်ပွားလျက်ရှိသောနိုင်ငံတွင် အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပိုမိုများပြားလာရသည့် အကြောင်းရင်းမှာ တန်းတူညီမျှမှုမရှိဘဲ ဖိုဝါဒကြီးစိုးခြင်းနှင့် စစ်အာဏာရှင်စနစ်တို့ကြောင့်ဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အမျိုးသမီး (၃၀၈)ဦးနှင့် မတရားဖမ်းဆီးခြင်းခံရသော အမျိုးသမီးဦးရေ (၃,၄၃၄)ဦးအထိရှိသည်ဟု NUCC ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

လွေးပိုးငယ်က ဆက်လက်၍ “ကျမတို့မြန်မာနိုင်ငံမှာ ဘယ်လိုပဋိပက္ခပဲဖြစ်ဖြစ် ဟိုးအရင် ၁၉၉၀ခုနှစ်မတိုင်ခင်ကပဲဖြစ်ဖြစ်၊ နောက်ပိုင်းပဲဖြစ်ဖြစ် အမျိုးသမီးနဲ့ ကလေးတွေ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုပြီး စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုနေတာကို ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေနဲ့ စတင်ဖွဲ့စည်းကတည်းက လည်း ထောက်ပြခဲ့တယ်။ အခုလည်းပဲ NUCC ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြပြီး အားလုံးကလည်းသဘောတူကြလို့ ထုတ်ပြန်ခဲ့ တာပါ။”ဟု ဆိုသည်။

NUCC ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးအင်အားစုများမှ ဖယ်ဒရယ်စနစ်တည်ဆောက်ရာ၌ ဖိုဝါဒကြီးစိုးသည့် အတွေးအခေါ်များ လွှမ်းမိုးနေသော အာဏာရှင်စနစ် မှန်သမျှကိုတိုက်ဖျက်ပြီး ကျား၊မ တန်းတူညီမျှမှုရှိစေရန်နှင့် သမိုင်းစဉ်ဆက် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှု များအား ရပ်တန့်နိုင်ရန်အတွက် ကျူးလွန်သူများအား ခြွင်းချက်မရှိ နိုင်ငံတကာ အပြစ်ပေးအရေးယူမှုဆိုင်ရာ ယန္တရားများတွင် အရေးယူပေးရန်တောင်းဆိုထားပြီး ပြည်တွင်းပဋိပက္ခများကြောင့် စစ်ဘေး ရှောင်ရသော ပြည်သူများအပါအဝင် အကူအညီလိုအပ်သောပြည်သူများအား လူသားချင်းစာနာမှုအကူအညီများကို ထိထိရောက်ရောက် ကူညီပေးနိုင်ရန် တော်လှန်ရေးအင် အားစုများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကြရန်လည်း ထည့်သွင်းတိုက်တွန်းထားသည်။

ထို့အပြင် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း-မြန်မာ(Free Expression Myanmar-FEM)က နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ကျရောက်သည့် ‘အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့’တွင် စစ်ကောင်စီ၏ မတရားသတ်ဖြတ်ခြင်းခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ်များထဲတွင် တော်လှန်ရေးသမားများ သာမက ကျောင်းသူများ၊ သူနာပြုဆရာမများ၊ သီလရှင်များ၊ ဆရာမများနှင့် အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းများ အစရှိသည့် အလွှာအသီးသီးမှ လူတန်းစားပေါင်းစုံ ပါဝင် နေပြီး အကြမ်းဖက်ခံရမှုသည် စစ်အာဏာသိမ်းသည့် ကာလကတည်းက ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ‘စစ်အာဏာသိမ်းမှုကြောင့် သေဆုံးခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေး ငယ်အယောက် (၃၀၀)အား အောက်မေ့သတိရခြင်း’ ဟူသောခေါင်းစဉ်ဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်တမ်းတင် ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် နေရပ်မှစွန့်ခွာပြီး ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင် နေထိုင်ရသော ပြည်သူ (၁)သန်းကျော်အနက် အများစုမှာ အမျိုးသမီးများ၊ ကလေးသူငယ်များဖြစ်ကြပြီး စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုကို ထိရောက်စွာအရေးယူနိုင်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ အကူအညီ လိုအပ် နေကြောင်း၊ ယခုကဲ့သို့ စစ်ကောင်စီမှ အမျိုးသမီးနှင့် ကလေးများအပေါ် ရဲတင်းစွာ အကြမ်းဖက်နေနိုင်ခြင်းမှာ လက်နက်စွဲကိုင်ထားခြင်းကြောင့်ဖြစ်သည့်အတွက် အကြမ်း ဖက်စစ်ကောင်စီအား လက်နက်ရောင်းချမှု ပိတ်ပင်ရန် ထပ်မံတောင်းဆိုကြောင်းကို ‘ဂျဲန်ဒါအခြေခံပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှု’ အနေဖြင့် အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ ၂၇ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။