Home သတင်း သံတောင်ကြီးရှိ စစ်သင်တန်းကျောင်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး သေဆုံး

သံတောင်ကြီးရှိ စစ်သင်တန်းကျောင်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး သေဆုံး

1078

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ (၁) ရပ်ကွက်ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်း၏ လုံခြုံရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ (၉)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

” မနက် (၃)နာရီ (၄) နာရီလောက်က သေနတ်သံတွေကြားရတယ်။ (၁၀) နာရီဝန်းကျင်လောက်ကျတော့ ငြိမ်နေတယ်။ အိမ်အပြင်တော့ မထွက်ရဲသေးဘူးပေါ့။”ဟု မြို့တွင်းနေထိုင်သူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်သင်တန်းကျောင်း လုံခြုံရေးဂိတ်ကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပစ်ခတ်မှုကြောင့် ဂိတ်စောင့်ကြပ်နေကြသော စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့သလို လုံခြုံရေးဂိတ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က KNLA နဲ့ PDF တွေ ပြန်ဆုတ်နိုင်မယ်ထင်တဲ့ လမ်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်။ အခုဖြစ်တဲ့နေရာက (၁)ရပ်ကွက်နဲ့ကပ်လျက်ပဲ မြို့အစွန်ဘက်ကျတယ်လေ။ အိမ်ခြေ (၃၀)၊ (၄၀)လောက်ရှိတယ်။ ရပ်ကွက်ထဲနေတဲ့လူတွေ အကုန် မြို့ထဲကိုဝင်ပြေးနေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က သံတောင်ကြီးမြို့အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် တစ်မြို့လုံး ပိတ်မိနေပြီး အမှတ်(၂)ရပ်ကွက်ရှိ အရပ်သားပြည်သူ နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နောက်ဆုံးရရှိသည့် သတင်းအရ သိရှိရသော်လည်း မည်သည့်အ ကြောင်းကြောင့် ဖမ်းဆီးခဲ့သည်ကို စုံစမ်း၍မရသေးပေ။

သံတောင်ကြီးမြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း အသေးစား ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လုံခြုံရေးဂိတ် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့တွင်းနေထိုင်သူ ဒေသခံများက ပြောဆိုသည်။

သံတောင်မြို့ အမှတ် (၁)ရပ်ကွက်နှင့် ကပ်လျက်တည်ရှိသည့် ဘုရင့်နောင်စစ်သင်တန်းကျောင်းတွင် စစ်တပ်မိသားစုဝင် များ နေထိုင်လျက်ရှိသလို (၃)လတစ်ကြိမ် စစ်သင်တန်းများပေးလေ့ရှိသော သင်တန်းကျောင်းတစ်ခုဖြစ်သည်ဟု သိရ သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကိုသိရှိရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။