Home သတင်း မြဝတီမှ ဆင်းလာသည့် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ ၇ ဦးသေဆုံးပြီး တစ်ဦးကို အတည်ပြုဆဲ

မြဝတီမှ ဆင်းလာသည့် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ ၇ ဦးသေဆုံးပြီး တစ်ဦးကို အတည်ပြုဆဲ

1214
Photo: CJ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ဆင်းလာသည့် ခရီးသည်တင် အန်စာတုံးကားတစ်စီးသည် ယနေ့ နိုဝင်ဘာလ(၉) ရက်၊ (၁၁)နာရီခွဲအချိန်ခန့်တွင် အာရှလမ်းမ၏ တောနော်ရေတံခွန်ရှိ ကွန်ကရစ်အုတ်ခုံကို တိုက်မိ၍ တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါ ခရီးသည်၇ ဦးသေဆုံးပြီ းတစ်ဦးကို အတည်ပြုနေဆဲဖြစ်ကြောင်း ပုလဲလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကော့ကရိတ်−မြဝတီအာရှလမ်းရှိ တောနော်ရေတံခွန်တွင် အန်စာတုံးယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်အုတ်ခုံကို တိုက်မိပြီး တစ်ပြိုင်နက် ကားပက်လက်လှန်သွားကာ ပေ (၃၀)ခန့်ရှိ တောနော်ရေတံခွန်ဆိုင်းဘုတ်ရေးထားသည့် အုတ်ခုံကို ထပ်မံတိုက်မိသဖြင့် ကားထဲတွင်ပါလာသည့် ခရီးသည် (၇)ဦးလုံး အခင်းဖြစ်ပွားခဲ့သည့်နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ပုလဲဖြူနာရေးကူညီမှုအဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“ကားက မြဝတီကဆင်းလာတဲ့ကားဗျာ့။ နေ့လည်(၁၁)ခွဲလောက်မှာဖြစ်တာ။ အဲ့ဒီတောနော်ရေတံခွန်အဆင်းမှာ ကွန်ကရစ်ပြားကို တိုက်လိုက်တယ်။ အဲ့ဒါကို တိုက်ပြီးမှ တောနော်ရေတံခွန်ရဲ့ ဆိုင်းဘုတ်ကို ထပ်တိုက်တယ်။ ပေ ၃၀ လောက်ရောက်သွားတော့ တောနော်ရေတံခွန်လို့ရေးထားတဲ့ ကွန်ကရစ်အုတ်ခုံကို ပက်လက်အနေ အထားနဲ့ ထပ်တိုက်ထည့်လိုက်တာ အဲ့ဒီမှာလူတွေအာလုံးက အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားကြတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့နောက် ကားတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူတွင် ယာဉ်ပေါ်မှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ကော့ကရိတ်ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်တစ်ဦးမှာ ကားအောက်တွင် ထပ်မံတွေ့ရှိ၍ သေဆုံးခြင်းရှိမရှိ အတည်ပြုနေဆဲဖြစ်သေးကြောင်း ယခုလို ဆက်ပြောသည်။

“ကျား(၅)ယောက်၊ မ(၂)ယောက်ကိုတော့ ကော့ကရိတ်ဆေးရုံရင်ခွဲရုံကို ကျနော်တို့ပို့ထားတယ်။ အခုအဲ့ဒီကားကနေပြီးတော့ နောက်ထပ် ပစ္စည်းခုံတွေအောက်မှာ အလောင်းတစ်လောင်း ထပ်တွေ့တယ်ဆိုလို့ အခုကျနော်တို့ကားမောင်းပြီးတော့ ကျနော်တို့ သွားနေပြီး။ သေဆုံးတာ (၈)ယောက်ဖြစ်လာတယ်။ (၇)ယောက်က အတည်ပြုထားတယ်။ အခုနောက်တစ်ယောက်က ကျနော်တို့ သွားကြည့်နေတုန်းပဲ။ (၁)ယောက်ကတော့ အတည်မပြုရသေးဘူး”ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း မြဝတီတောင်ပေါ်လမ်းတွင် မော်လမြိုင်မြို့မှ ပွင့်နေခြည်လူငယ်ဇာတ်သဘင်ကားတစ်စီးလည်း ယာဉ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကာ ကားပေါ်ပါ ဇာတ်သဘင်အဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း အလင်းသစ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။