နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော်ခရိုင် (တပ်မဟာ-၅ နယ်မြေ)၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စု ကော်ဒဲကျေးရွာအတွင်း ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နံနက် (၁)နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့်လာရောက်ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းနှင့် စာသင်ကျောင်းဆောင်များပျက်စီးခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ် လေယာဉ်နှင့်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သစ်သားဖြင့်ဆောက်လုပ်ထားသော မူလတန်းကျောင်းဆောင်ပျက်စီးခဲ့သည့်အပြင် အနီးအနားပတ်ဝန်းကျင်ရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းနှင့်လာရောက်ပစ် ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး လူနေအိမ်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ပျက်စီးဆုံးရှုံးမှု အရေအတွက်များကိုမူ စိစစ်အတည်ပြုနေဆဲဖြစ်ကြောင်း KNU က ပြောသည်။
လူသောမြို့နယ်ထဲတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်နှင့် ပထမဦးဆုံးအကြိမ် ဗုံးကြဲတိုက်မှုပြုလုပ်ခဲ့ပြီးနောက် တစ်နှစ်ပြည့်သည့် ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင် လူသောမြို့နယ် ဒေးဘူနိုကျေးရွာထဲသို့ ဒုတိယအကြိမ် ထပ်မံလာရောက်ဗုံးကြဲတိုက်မှုလုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလတွင်လည်း ဒေးဘူနိုနှင့် သေကာထာကျေးရွာများအတွင်း စစ်ကောင်စီတပ်က လေယာဉ်နှင့် ၁၀ ကြိမ်ခန့်လာရောက်ဗုံးကြဲတိုက်မှုလုပ်ဆောင်ခဲ့ပြီး ဒေသခံအရပ်သားပြည်သူများထွက်ပြေးတိမ်းရှောင်ထားသည့်အတွက် စာသင်ကျောင်းနှင့် လူနေအိမ်အချို့သာ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်၂၀၂၁ခုနှစ်မှစတင်၍ ယခုနှစ်အောက်တိုဘာလကုန်အထိတွင် စစ်ကောင်စီတပ်သည် ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၀၇) ကြိမ် လုပ်ဆောင်ခဲ့သည်ဟု နိုဝင်ဘာလ ၇ ရက်နေ့တွင် ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။




















