Home သတင်း ဘီးလင်းတွင် စစ်ကောင်စီနှင့် BGF တပ်တို့ လက်နက်ကြီး ညတိုင်းပစ်ခတ်၍ လူနေအိမ်အများအပြား ထိခိုက်ပျက်စီး

ဘီးလင်းတွင် စစ်ကောင်စီနှင့် BGF တပ်တို့ လက်နက်ကြီး ညတိုင်းပစ်ခတ်၍ လူနေအိမ်အများအပြား ထိခိုက်ပျက်စီး

651
Photo: CJ

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) ဘီးလင်း မြို့နယ်ထဲတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGFတပ်တို့မှ လက်နက်ကြီးများနှင့် ညတိုင်းပစ်ခတ်သည့်အတွက် လူနေအိမ် အဆောက်အဦး အများအပြား ထိခိုက်ပျက်ဆီးမှုရှိသည်ဟု နယ်မြေတာဝန်ရှိသူထံမှ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ကမမောင်းအနီး ဗိုလ်မောင်ချစ်ဦးဆောင်သည့် BGF စခန်းကုန်းမှ ဘီးလင်းမြို့နယ် လေးကေ၊ မင်းစော၊ တဂေးလောင်းနှင့် မြစ်ကျိုးကျေးရွာတို့တွင် နိုဝင်ဘာ ၂၈ ရက် နှင့်၂၉ ရက်နေ့တွင် ညစဉ်လက်နက်ကြီးနှင့် လှမ်းပစ်ခတ်သည့်အတွက် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ လက်နက်ကြီးနဲ့ပစ်တာ ၂ ညဆက်တိုက်ရှိပြီး။ ညကလည်းပစ်တာ လက်နက်ကြီး ၉ လုံးလောက်ရှိတယ်။ အရှေ့ညကလည်း ၈ လုံးလောက်ရှိတယ်။ ဒီကနေပစ်တာမဟုတ်ဘူး။ ကမမောင်း BGFကုန်းဘက်က ပစ်တယ်။ ပထမတစ်ညက လေးကေမှာအိမ်ထိတယ်။ မနေ့ညကတော့ မင်းစောရွာမှာ ဘုရားကျောင်းတွေထိတယ်။ ကျမတို့ ရွာပြင်ဘက်မှာလည်း ကျသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လူထုများနေထိုင်သည့် ကျေးရွာထဲတွင် လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီးသည့်အပြင် ဒေသခံများ လုပ်ကိုင်စားသောက်သည့် လယ်ယာ နှင့် ဥယျာဉ်ခြံထဲတွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုရှိသည့်အတွက် အများအပြား ထိခိုက်ပျက်စီးမှုရှိသည်ဟု ဒေသခံများက ပြောသည်။

Photo: CJ

စစ်ကောင်စီနှင့် BGF တို့ ညအချိန်တွင် လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်သည့်အတွက် ဒေသခံလူထုများမှာ ရွာထဲတွင် မအိပ်ရဲတော့ဘဲ တောင်ခြေနှင့်ဂူများထဲတွင် သွားရောက်တိမ်းရှောင်အိပ်နေကြရသည်ဟု သိရသည်။

ဘီးလင်းမြို့နယ် လေးကေနှင့် ဝင်းတာပန်ကျေးရွာတို့တွင် စစ်ကောင်စီစခန်းချနေထိုင်ပြီး ယခုနှစ်ဆန်းပိုင်းကတည်းက နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ရေးတင်းမာလာခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သည့်အပြင် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်သည့်အတွက် ဒေသခံလူထုများသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်၍ မရဘဲ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံ၏ ပြောဆိုချက်အရသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ ည ၁၂နာရီအချိန်ခန့်တွင်လည်း ဘီးလင်းမြို့နယ်ထဲရှိ တိုတယ်ခီးရွာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ဌာနချုပ်ရုံးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ လေးယာဉ်၂ စင်းနှင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် အဆောက်အဦးထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသည်။