Home သတင်း စစ်ရှောင်များကို ပြန်ပို့ပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုမှာ မဟုတ်မှန်ဟု သေ့ဘောဘိုး စစ်ရှောင်များပြော

စစ်ရှောင်များကို ပြန်ပို့ပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုမှာ မဟုတ်မှန်ဟု သေ့ဘောဘိုး စစ်ရှောင်များပြော

913

နိုဝင်ဘာ ၃၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်ခွဲရှိ သေ့ဘောဘိုးကျေးရွာတွင် စစ်ဘေးရှောင်သူများကို ၎င်းတို့ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးနေကြောင်း ရုပ်သံဖိုင်များဖြင့် စစ်ကောင်စီမှ ၎င်းတို့ပိုင် မီဒီယာများမှတဆင့် ထုတ်လွင့်လာမှုမှာ မဟုတ်မှန်ကြောင်း သေ့ဘောဘိုး စစ်ဘေးရှောင်များက ပြောသည်။

ဒေသခံ စစ်ဘေးရှောင်များကို နေအိမ်သို့ ပြန်လာရန် စစ်ကောင်စီမှ ဒေသခံ ကျေးရွာ ဥက္ကဌ မှ တစ်ဆင့် လိုက်လံခေါ်ယူပြီး နေအိမ်အထိ လိုက်လံပို့ဆောင်ပေးနေသည့် ရုပ်သံဖိုင်များကို ထုတ်လွင့်ပြသရာတွင် ပါဝင်သည့် ဒေသခံများမှာ သေ့ဘောဘိုး ဒေသခံများမဟုတ်ဘဲ ရသေ့ဂူ ဒေသခံများကို ခေတ္တခေါ်ယူ သရုပ် ဆောင်ခိုင်းခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ သေ့ဘောဘိုး စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “မနေ့က ပြန်သွားတဲ့ သူတွေဆိုတာက အကုန်လုံးနီးပါးက ရသေ့ဂူက လူတွေပဲ။ ဒီက သေ့ဘောဘိုး ဒေသခံတွေ မဟုတ်ဘူး။ ဒီကို ပြေးလာတဲ့ ရသေ့ဂူ ဒေသခံ တစ်ဖွဲ့ရှိတယ်လေ။ ပြန်သွားတယ်ဆိုပြီး စစ်တပ်ကတော့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ပြီး မျက်နှာရအောင် နာမည်ရအောင်လုပ်တာပါပဲ။ တကယ့်တကယ်က ဒီက သေ့ဘောဘိုး ဒေသခံတွေက မပြန်ကြသေးဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်သလို သေ့ဘောဘိုး ဒေသခံများအနေဖြင့် မိမိနေအိမ်သို့ ပြန်သွားကြပြီးဟု ဆိုသော် လည်း လက်ရှိ ပြန်သွားသူများတွင် သေ့ဘောဘိုး ဒေသခံတချို့ ပါဝင်သော်လည်း အများစုမှာ ၎င်းတို့ နေအိမ်သို့ ညအိပ်ညနေ မပြန်ကြသေးဘဲ ၎င်းတို့ စိုက်ပျိုးထားသည့် သီးနှံပင်များကို ပြန်လည် ရိတ်သိမ်းကြပြီး ညအချိန်တွင် ၎င်းတို့ စစ်ဘေးရှောင်ရာ နေရာများတွင်သာ ပြန်သွားကြကြောင်းလည်း အဆိုပါ စစ်ရှောင်က ဆက်ပြောသည်။

စစ်ကောင်စီဘက်မှ ထုတ်ပြန်လာသည့် ရုပ်သံများအရ တပ်မတော်သားများမှ နယ်မြေလုံခြုံရေး ဆောင်ရွက်ပြီးစီးပြီးဖြစ်သောကြောင့် ကျေးရွာအတွင်း၌ ပြန်လည် နေထိုင်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံ ကျေးရွာ တာဝန်ရှိသူများဟု ယူဆရသူများက Lound Speaker ဖြင့် ယခုလ နိုင်ဝင်ဘာ ၂၇ ရက်တွင် လိုက်လံ ကြေညာခြင်းနှင့် ပြန်လာသူများကို နေအိမ်အထိ လိုက်လံပို့ဆောင်ပေးနေသည့် ရုပ်သံဖိုင်များ ပါဝင်ကြောင်း တွေ့ရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ဖလူး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက် နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်ရှိ ဒေသခံ များအနေဖြင့် ၎င်းတို့ နေရပ်အသီးသီးကို ပြန်လည် ဝင်ရောက်နေကြပြီးဖြစ်ကြောင်း စစ်ကောင်စီဘက်မှ သတင်း ထုတ်ပြန်ထားသေးသည်။

၎င်းတို့၏ သတင်းထုတ်ပြန်မှုတွင် KNU၊ KNLA မှ အကြမ်းဖက်မှု လိုလားသောအဖွဲ့ နှင့် PDF အဖွဲ့များက မြဝတီ-ဝေါလေ လမ်းပိုင်း ထိန်းချုပ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရကြောင်း၊ ယခုလ ၂၈ ရက်နေ့တွင် တပ်မတော်မှ ၎င်းလမ်းပိုင်း ပြန်လည် ထိန်းချုပ်ထားနိုင်ပြီးဖြစ်၍ ထွက်ပြေးသူများကို ပြန်လည် ဆက်သွယ်ခေါ်ယူရာတွင် ဒေသခံ ၁၁၉ ဦး ပြန်လည်ဝင်ရောက်လာပြီး ဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

“ကျနော်တို့လည်း ပြန်ချင်ပါတယ်။ ဒါပေမဲ့ ဒီအုပ်စုကို ကျနော်တို့ လုံးဝ မယုံကြည်လို့ မပြန်ဘူး။ သူတို့ ဘာပဲပြောပြော လုံခြုံရေး ယူပေးမယ်ပဲ ဆိုဆို ဘယ်သူမှ မယုံဘူး။ တကယ်အခြေအနေ ကောင်းတယ်မှန်ရင် သူတို့ ခေါ်စရာတောင်မလိုဘူး။ ကိုယ့်ဘာသာကို ပြန်မှာပေါ့။ “ ဟု ဖော်ပြပါ စစ်ရှောင်က ဆက်ပြောသည်။

ထို့အပြင် ကျေးရွာဒေသခံ တချို့မှာ မပြန်ရဲသေးကြောင်း တင်ပြမှုများလည်းရှိနေပြီး နေအိမ်မပြန်သူများကိုလည်း နေအိမ်အတွင်းပစ္စည်းများအခိုးယူခံရနိုင်ကြောင်း ခြိမ်းခြောက်ပြောဆို၍ ခေါ်ယူမှုများလည်းရှိနေကြောင်း ၎င်းစစ်ရှောင်က ဖြည့်စွက်ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များ ပြန်လည်ဝင်ရောက်ရန်အတွက် ဒေသခံ ကျေးရွာတာဝန်ရှိသူများအပြင် နယ်မြေခံ DKBA တပ်ဖွဲ့ဝင်များမှလည်းကြားတွင် ပါဝင် ညှိနှိုင်း လုပ်ဆောင်ပေးမှုများ ပြုလုပ်ပေးနေပြီး ပြန်သွားသူများတွင် သေ့ဘောဘိုးဒေသခံ တချို့ပါဝင်သော်လည်း ယခုလို ခေါ်ယူလုပ်ဆောင်မှုများသည် တမင်ဖန်တီး လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း DKBA ဘက်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပြောရမယ်ဆိုရင် သူတို့နာမည်ရအောင် လုပ်တယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒေသခံတွေ ပြန်လာပြီးဆိုရင် သူတို့(စစ်တပ်)လည်း ပြန်ချင်ကြပြီးလေ။ ဘာဖြစ်လဲဆိုတော့ သူတို့က နယ်မြေခံ တပ် မဟုတ်ဘူး။ သူတို့က စစ်ကူလာပေးတာပဲဖြစ်တဲ့အတွက် ပြန်သွားရမှာ။ အဲ့တော့ ဒေသခံတွေ အမြန် ပြန်လာရင် သူတို့လည်း ပြန်လို့ရပြီ။ အမြန်ပြန်ချင်လို့သာ ဒီလိုလုပ်တာပဲ” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ထုတ်ပြန်သည့် သတင်းများအရ နေအိမ်ပြန်သူများတွင် သေ့ဘောဘိုး ဒေသခံ တချို့ပါဝင်သော်လည်း တခြားဒေသခံများနှင့်အတူ သရုပ်ဆောင်ခိုင်းခြင်းသာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် နေရပ်ပြန်လာသည့် ဒေသခံများအပေါ် ရန်သူသဖွယ် ဆက်ဆံမှုပြုသွားမည် ဆိုပါကလည်း DKBA အနေဖြင့် လက်ခံသွားမည်မဟုတ်ကြောင်း၊ နေရပ်မပြန်လာရဲသည့် ဒေသခံများ၏ စိုးရိမ်မှုအပေါ်တွင်လည်း နားလည်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ဥကရစ်ထ စခန်းမှနေ၍ သေ့ဘောဘိုး၊ ဝေါလေ လမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး လမ်းပိုင်းထိန်းချုပ်နိုင်ရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး နယ်မြေခံ Cobra စစ်ကြောင်း နှင့် နေ့စဉ် နီးပါး တိုက်ပွဲ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ ပိုမို အထိနာခဲ့ခြင်းကြောင့် လေကြောင်း ပစ်ကူများပါ အသုံးပြုခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့၏ ရိက္ခာထောက်ပံ့ရေးယာဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တော်လှန်ရေး ရဲဘော် တချို့ ကျဆုံးခဲ့ပြီးနောက်ပိုင်း သေ့ဘောဘိုး နယ်မြေကို ဖယ်ပေးလိုက်ရခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခသည် စစ်ကောင်စီ အနေဖြင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်တော်လှန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကို ပြောဆိုခဲ့သလို ၎င်းတို့နှင့် ပူးပေါင်း ဆက်ဆံခြင်း မပြုရန်အပြင် ကူညီပေးမှုများ ပြုလုပ်ပါက လိုက်လံ ရှင်းလင်း သွားမည်ဖြစ်ကြောင်းလည်း ဒေသခံများကို သတိပေး ပြောဆိုခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ သောင်ရင်းမြစ်ဘေး တစ်လျှောက်တွင် အစုအဖွဲ့ အလိုက် စစ်ဘေးရှောင်နေထိုင် နေကြရသည့် လေးကေကော် ရပ်ကွက် ၅ ခုနှင့် ပဟိကလော် ၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူကျေးရွာ များမှ ဒေသခံ များအား လေးကေကော် စွယ်တော် အမြှောက်ကုန်းတွင် စခန်းချ စစ်ဆင်ရေးကွပ်ကဲနေသည့် တပ်မ ၄၄ တပ်မမှူးမှ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်နေထိုင်ကြရန် စည်းရုံးပြောဆိုမှုများလည်း ပြုလုပ်ခဲ့သေးကြောင်း လေးကေ့ကော် စစ်ဘေး ရှောင်များက ဆိုသည်။