Home သတင်း ပုလောမြို့နယ် တပိုကျေးရွာထဲရှိ အရပ်သားနေအိမ် ၄ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

ပုလောမြို့နယ် တပိုကျေးရွာထဲရှိ အရပ်သားနေအိမ် ၄ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

1614
Photo: CJ

နိုဝင်ဘာလ ၉ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ(၉)ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီ တပ် များက အရပ်သားနေအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရ သည်။

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(ခမရ-၂၈၅)တပ်ဖွဲ့များနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပိုကျေးရွာထဲသို့ ဝင်ရောက်ကာ အရပ်သားနေအိမ်(၄)လုံးကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်သွားခဲ့သည်ဟု ပုလောနယ် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ရဲ့မဟာမိတ်တွေ လက်ရှိပါနေတဲ့ PDF တို့ မဟာမိတ်တပ်ပေါင်းစုပေါ့နော် သူတို့ (စကစ)လာတဲ့ လမ်း ကြောင်းကို ကျနော်တို့ (KPDF)တပ်ဖွဲ့က ဖြတ်တိုက်တယ်။ အကုန်လုံး ပုလောဧရိယာမှာပေါ့။ တိုက်ပွဲဖြစ်တော့ စကစ ခမရ(၂၈၅) ဘက်က အထိနာတယ်။ အထိနာတော့ တပိုကျေးရွာထဲက အပြစ်မဲ့ပြည်သူပိုင်နေအိမ်(၄)လုံး ကို ဒီမနက်ပိုင်းမှာပဲ မီးရှို့သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်များက မြိတ်−ထားဝယ် အဝေးပြေးကားလမ်းဘေးရှိ ကျေးရွာတချို့မှနေအိမ်များ ကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်း ၎င်း KPDF တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် တပိုကျေးရွာရှိ နေအိမ်များ သာမက ၎င်းရွာနှင့်နီးစပ်သည့် သင်္ကန်းတောကျေးရွာ၊ ပိဒက်ကျေးရွာများတွင်လည်း အပြစ်မဲ့ပြည်သူပိုင်နေအိမ် (၁၀)လုံးထက်မနည်းမီးရှို့ဖျက်ဆီးသွားခဲ့သေးသည်ဟု ဒေသခံများက ပြောဆိုကြသည်။

Photo: CJ