Home သတင်း တရားမ၀င် တင်သွင်းသည့် ထိုင်းစားသောက်ကုန်များအား ဖမ်းဆီးကာ ဌာနဆိုင်ရာ မိသားစုများအား ပြန်ဝေငှနေ

တရားမ၀င် တင်သွင်းသည့် ထိုင်းစားသောက်ကုန်များအား ဖမ်းဆီးကာ ဌာနဆိုင်ရာ မိသားစုများအား ပြန်ဝေငှနေ

473

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မှတဆင့် တရားမ၀င် တင်သွင်းထားသည့် ထိုင်းစားသောက်ကုန်များအား အာဏာသိမ်း စစ်ကောင်စီဌာနဆိုင်ရာများက ဖမ်းဆီးသိမ်းဆည်းကာ ဌာနဆိုင်ရာ မိသားစုများအား တွေ့ဆုံစည်းရုံးရေး အခမ်း အနားများတွင် ပြန်လည်ထောက်ပံ့ဝေငှနေကြောင်း သိရှိရသည်။

ဖားအံမြို့တွင် စစ်အာဏာသိမ်းတစ်နှစ်ကျော် ကာလအတွင်း စစ်ကောင်စီဌာနဆိုင်ရာများမှ တရားမ၀င် ထိုင်း ထုတ်ကုန်များအား ရောင်း၀ယ်ဖြန့်ဖြူးသည့် ကုန်စုံဆိုင်ကြီးများအား ရှောင်တခင် ၀င်ရောက်ဖမ်းဆီးသိမ်းဆည်း ကာ ၎င်းစားသောက်ကုန်များအား စစ်ကောင်စီ လက်အောက်အမှုထမ်းနေကြသည့် ဌာနဆိုင်ရာ မိသားစုများအား တွေ့ဆုံပွဲ အခမ်းအနား၊ ဌာနတွင်း စည်းရုံးရေးခရီးစဉ်များတွင် ထောက်ပံ့ပေးအပ်သည့် ပုံစံဖြင့် ပြန်လည် အသုံးပြု နေကြောင်း ဖားအံကုန်စုံရောင်း၀ယ်ရေး လုပ်ဆောင်နေသည့် အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

၎င်းက“ဖားအံက တောင်ပေါ် စားသောက်ကုန်တွေကို လက်လီပြန်ဖြန့်တဲ့ ဆိုင်ကြီးတစ်ချို့ အခု နို၀င်ဘာလ ၊ လဆန်းရက်က ထပ်ပြီးအဖမ်းခံရတယ်၊ ဆီဖာတွေ၊ ဘီယာဖာတွေ၊ မုန့်ဖာတွေ၊ ခေါက်ဆွဲဖာတွေ သိန်း ၄၀၀ ကျော်ဖိုးလောက်ဆီ ၃/၄ ဆိုင်လောက် အသိမ်းခံရတယ်။ အဲ့လိုဖမ်းဆီးပြီး သိမ်းလိုက်တဲ့ ပစ္စည်းတွေကို ဌာနဆိုင်ရာတွေကို စည်းရုံးရေးသဘောနဲ့ အထောက်အပံ့ပေးဝေတာတွေ အခမ်းအနား ပုံစံပြန်ဝေပေးတယ် ဆိုတာ သူတို့ ဌာန၀န်ထမ်းတွေကပဲ ပြန်သိရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထိုင်းကုန်စည် တရားမ၀င် တင်သွင်းဖြန့်ချိသည့် ကုန်ပစ္စည်းများမှာ ထိုင်း-မြန်မာနယ်စပ် မြ၀တီ /မဲဆောက် သောင်ရင်းမြစ်ကမ်းနားရှိ နယ်ခြားစောင့်တပ်-BGF ဂိတ်ကင်းစခန်းများမှတစ်ဆင့် မြန်မာနိုင်ငံ ဘက်သို့ အောက်လမ်း(အကောက်အခွန်မဲ့) လမ်းကြောင်းမှ နေ့စဉ် တင်သွင်းလာခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာပြည်တွင်း စျေးကွက်သို့ မြ၀တီ-ဖားအံ-မော်လမြိုင်-ရန်ကုန်-မန္တလေးမြို့များသို့ သယ်ဆောင်နေသည့် လမ်းကြောင်းတွင် ရံဖန်ရံခါ ဖမ်းဆီးသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ကုန်သည်အသိုင်းအဝိုင်းများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးသိမ်းဆည်းထားသော ကုန်ပစ္စည်းများအား စစ်ကောင်စီဌာနများမှ လေလံပစ်ခြင်း၊ ဒဏ်ဆောင်၍ ပြန်ရွေးယူရခြင်း လုပ်ဆောင်မှုများရှိသလို စစ်ကောင်စီအလိုကျထောက်ခံမှုရရှိအောင် စားသောက်ကုန်ထောက်ပံ့ ပေးအပ်ပွဲများပြုလုပ်ရာတွင် ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကတည်းက လုပ်ဆောင်သည့်ပုံ စံမျိုးပင်ဖြစ်ကြောင်း ဖားအံမြို့ခံကုန်သည်တစ်ဦးကလည်း ပြောသည်။

“စားသောက်ကုန်ဆိုရင် ဝါဒဖြန့် ပုံစံ၊ သူတို့ထောက်ခံမှုရအောင် ဘုန်းကြီးကျောင်းတွေ လှူတာ၊ ဌာနဆိုင်ရာ မိသားစုတွေ ဝေပေးတာ၊ ဒေသခံတွေ၊ လက်နက်ကိုင်အပစ်ရပ်အဖွဲ့တွေကို ထောက်ပံ့တာတွေကို ပြန်သုံးတဲ့ ပုံစံမျိုးက ဟိုး ဦးသန်းရွှေ၊ ဦးသိန်းစိန်ခေတ်တုန်းက ရှိတာ။ အခုစစ်ကောင်စီခေတ်မှာလည်း လုပ်လာတော့ ကုန်သည်တွေက သူတို့ မထိခိုက်အောင် စျေးတင်ရောင်းကြ၊ ၀ယ်စားတဲ့ လူထုမှာ အမြတ်ယူကြဆိုတော့ စားသုံးသူတွေမှာ နစ်နာတာ အခုခေတ်အထိပေါ့ ”ဟု ဖားအံမြို့ခံ ကုန်သည်ဟောင်းတစ်ဦးက ပြောသည်။

စစ်အာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် တရား၀င် ကုန်သွယ်မှုမှာ နိုင်ငံတကာနှင့် ချိတ်ဆက်ရောင်း၀ယ် တင်သွင်းသည့် ကုန်စည်များသာ မြ၀တီ /မဲဆောက် တံတားအမှတ် -၂ မှ တင်သွင်း ၀င်ရောက်နေပြီး တရားမ၀င် တင်သွင်းသည့် ထိုင်းထုတ်ကုန်၊ စားသောက်ကုန်၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မိုဘိုင်းဖုန်းနှင့် အရက်ဘီယာ၊ ခေါက်ဆွဲခြောက်၊ အချိုရည်မျိုးစုံတို့မှာ စစ်ကောင်စီက တားမြစ်ကန့်သတ် ကုန်ပစ္စည်းများဖြစ်သော်လည်း မြန်မာပြည်တွင်း စစ်ဆေးရေးဂိတ်များတွင် လာဘ်ငွေပေးဆောင်ကာ သယ်ဆောင် ဖြန့်ဖြူး အရောင်းအ၀ယ် ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။