Home သတင်း သေ့ဘောဘိုးဒေသကို ဝင်ရောက်နိုင်ပြီးနောက် ဒေသခံ ရွာသားများ မိမိနေအိမ်ကို ပြန်လာနေထိုင်ကြရန် စစ်ကောင်စီတပ်ပြော

သေ့ဘောဘိုးဒေသကို ဝင်ရောက်နိုင်ပြီးနောက် ဒေသခံ ရွာသားများ မိမိနေအိမ်ကို ပြန်လာနေထိုင်ကြရန် စစ်ကောင်စီတပ်ပြော

853

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း Cobra စစ်ကြောင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ အကြား တိုက်ပွဲပြင်းထန်နေသည့် သေ့ဘောဘိုး ကျေးရွာကို စစ်ကောင်စီဘက်မှ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဝင်ရောက်နိုင်ပြီးနောက် ဒေသခံကျေးရွာသားများကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြရန် စစ်ကောင်စီက ခေါ်ယူနေကြောင်း သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့အတွင်း စစ်ကောင်စီစစ်ကြောင်းမှ သေ့ဘောဘိုးကျေးရွာအတွင်းသို့ ဝင်ရောက် ထိန်းချုပ်လိုက်ပြီးနောက် သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများကို ခေါ်ယူ တွေ့ဆုံပြီး စစ် ရှောင်နေရသည့် ကျေးရွာသားများကို ကျေးရွာအတွင်း ပြန်လာနေထိုင်ရန် ယခုလို ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက“မနေ့က စစ်တပ်နဲ့ သွားတွေ့ပြီးတော့ ရွာသားတွေကို ပြန်လာနေခိုင်းတယ်။ စစ်တပ်ကိုလည်း မေးလိုက်တယ်။ ရွာသားတွေကို အနှောင့်အယှက်ပေးတာမျိုးလုပ်မလားပေါ့။ သူတို့ ပြောတာက မလုပ်ဘူးပေါ့။ ကိုယ့်အိမ်ကိုယ့်ယာမှာ ပြန်လာနေ၊ ဘုန်းကြီးကျောင်းကနေပြေးရတဲ့ ဘုန်းကြီးဆိုလည်း ဘုန်းကြီးကျောင်းမှာ ပြန်လာနေပေါ့။ မနေ့က ဘာသာရေး ခေါင်းဆောင်တွေကိုလည်း ခေါ်တွေ့တယ်။ ပြန်လာနေခိုင်းတယ်။ ရွာထဲကို လက်နက်ကြီး ပစ်ချအုံးမလားမေးတော့လည်း မပစ်ဘူးလို့တော့ ပြောတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒေသခံ ရွာသားများအနေဖြင့် ၎င်းတို့ လုပ်ကိုင်စားသောက်ရန် သွားလာရာတွင်လည်း အနှောင့်အယှက် ပေးမည်မဟုတ်ကြောင်း နှင့် မိုင်းရှင်းလင်းရေးများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး စစ်ကောင်စီအနေဖြင့် ကျေးရွာအတွင်း တပ်စွဲသွားမည်မဟုတ်ဘဲ ဒေသခံများ နေထိုင်စေလိုသည့် နေရာတွင်သာ တပ်စွဲနေထိုင် သွားမည်ဖြစ်ကြောင်းလည်း စစ်တပ်ဘက်က ပြောဆိုခဲ့သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီ အနေဖြင့် ဥကရစ်ထ စခန်းမှနေ၍ သေ့ဘောဘိုး၊ ဝေါလေလမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး လမ်းပိုင်းထိန်းချုပ်နိုင်ရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ရသည်။ ထိုလမ်းပိုင်းအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရာတွင် နယ်မြေခံ Cobra စစ်ကြောင်းနှင့် နေ့စဉ် နီးပါး တိုက်ပွဲ ဖြစ်ပွားနေကာ စစ်ကောင်စီဘက်မှ ပိုမိုအထိနာခဲ့ခြင်းကြောင့် လေကြောင်း ပစ်ကူများပါ အသုံးပြုခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့၏ ရိက္ခာထောက်ပံ့ရေးယာဉ် ကြားဖြတ် တိုက်ခိုက်ခံရပြီး တော်လှန်ရေး ရဲဘော်တချို့ကျဆုံးခဲ့ပြီးနောက်ပိုင်း သေ့ဘောဘိုး နယ်မြေကို ဖယ်ပေးလိုက်ရခြင်း ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့အပြင် ယခုလို သေ့ဘောဘိုး ကျေးရွာသားများကို ပြန်လည်ဝင်ရောက် နေထိုင်ရန် ခေါ်ယူခဲ့ သည့် အပေါ် ဒေသခံများဘက်မှ စိုးရိမ်ကြောက်ရွံ့မှုများရှိသော်လည်း ယနေ့တွင် ဒေသခံအချို့ မိမိစိုက်ပျိုး ထားသည့် သီးနှံများကို ရိတ်သိမ်းရန် ပြန်လည်ဝင်ရောက်နေထိုင်သူတချို့ရှိနေပြီးဖြစ်ကြောင်း နှင့် စစ်ကောင်စီတပ်အနေဖြင့်လည်း ဒေသခံအပြင် သက်ဆိုင်ရာ ကေအဲန်ယူ တပ်ဖွဲ့ဝင်များ ကိုလည်း လွတ်လပ်စွာ သွားလာခွင့် ပေးထား မည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိ ဖြစ်ပေါ် နေသည့် ပဋိပက္ခသည် စစ်ကောင်စီအနေဖြင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ဆန့်ကျင်တော်လှန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှင့် ပူးပေါင်း ဆက်ဆံခြင်းမပြုရန်အပြင် ကူညီပေးမှုများ ပြုလုပ်ပါက လိုက်လံရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း ဒေသခံများကို သတိပေးပြောဆိုခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ သောင်ရင်းမြစ်ဘေးတစ်လျှောက်တွင် အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေထိုင် နေကြရသည့် လေးကေကော် ရပ်ကွက် ၅ခုနှင့် ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူကျေးရွာများမှ ဒေသခံ များအား လေးကေကော် စွယ်တော် အမြှောက်ကုန်းတွင် စခန်းချစစ်ဆင်ရေးကွပ်ကဲနေသည့် တပ်မ ၄၄ တပ်မမှူးမှ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်နေထိုင်ကြရန် စည်းရုံးပြောဆိုမှုများလည်း ပြုလုပ်ခဲ့ သေးကြောင်း လေးကေ့ကော် စစ်ဘေးရှောင်များက ပြောသည်။