Home သတင်း စစ်ကောင်စီ ကျင်းပသည့် ပြည်နယ်နေ့ပွဲ မြို့ခံများ ပူးပေါင်းပါဝင်မှု နည်းပါး

စစ်ကောင်စီ ကျင်းပသည့် ပြည်နယ်နေ့ပွဲ မြို့ခံများ ပူးပေါင်းပါဝင်မှု နည်းပါး

511
Photo: Crd.

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အာဏာသိမ်း စစ်ကောင်စီက ကျင်းပပြုလုပ်သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း မြို့ခံပြည်သူများအနေဖြင့် သွားရောက်ရန် စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။

ဖားအံမြို့၊ ပြည်နယ်ကွင်း(သီရိကွင်း)တွင် စစ်ကောင်စီတပ်ထောက်ခံသူများနှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများက (၅)ရက်တိုင် ပြုလုပ်ကျင်းပမည့် ၎င်းပြည်နယ်ပွဲကို လုံခြုံရေးစိုးရိမ်မှုထက် သွားရောက် လိုစိတ်မရှိကြဘဲ ဘာသာရေးပွဲတော်သာ ပြုလုပ်နေကြကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဗုံးပေါက်လို့မသွားရဲတာ မဟုတ်ဘူး။ သွားတဲ့လူဘယ်သူမှ မရှိဘူး။ ဘုရားပဲသွားကြတယ်။ ပွဲကတော့ (၅)ရက်လုပ်မယ်တဲ့။ ပြည်နယ်ပွဲက ဘောမတွေပဲသွားမှာပေါ့။ သူတို့လုပ်တဲ့ပွဲမို့လို့ သွားကို မသွား ချင်တာ။ သူတို့ကဒ်လုပ်ပေးလည်း စိတ်မဝင်စားဘူး”ဟု သူက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ပြည်နယ်ကွင်းပတ်ပတ်လည်လည်ရှိ ဇီးတောလမ်း အတက်အဆင်းနေရာ၊ မော်တော်ပီကယ်ရုံး၊ စသည့်နေရာများတွင် ဗုံးခိုကျင်းပုံစံ ဆက်သွယ်ရေးမြောင်းများလည်း တူးထားကြောင်း မြို့ခံများက ပြောသည်။

အလားတူ ပြည်နယ်ပွဲနေ့ မဖွင့်လှစ်ခင် နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ပြည်နယ်ပွဲခင်းအနီး အသံဗုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးပြီး ပွဲတော်အတွက် စစ်ကောင်စီဘက်မှ လုံခြုံရေးအထူးချမှတ်ထားကာ စစ်ကောင်စီတပ်များအပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) တပ်ဖွဲ့ဝင်များပါ ပူးပေါင်းလုံခြုံရေးရယူပေးနေကြောင်း သိရသည်။

Photo: Crd.

ယခင် စစ်အာဏာသိမ်းမှုမတိုင်ခင် ကာလများတွင် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်အတွင်းရှိ ဒေသခံများအပြင် တခြားဒေသမှ မြို့ခံပြည်သူများလည်း အလည်အပတ်လာရောက်ကြသလို ယခင် ကိုဗစ်ကာလမှစ၍ ပြည်နယ်ပွဲတွင် လူစည်ကားမှုမရှိတော့ဘဲ ဒေသတွင်းစျေးရောင်းသည့် စျေးသည်များ၊ ပြခန်းများလည်း ယခင်ကထက် နည်းပါးလာခဲ့သည်။

သို့သော် စစ်ကောင်စီ ပြုလုပ်သည့် ပြည်နယ်ပွဲကို သွားရောက် ပူးပေါင်းခြင်းမပြုရန် သပိတ်မှောက် ထားမှုများရှိသည့်ကြားတွင် ကျေးရွာအခြေပြု ကရင်ဒုံးအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ကြခြင်း အပေါ်တွင်လည်း ကရင်လူထုအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

ဖားအံမြို့ခံ လူငယ်တစ်ဦးက “အခုသူတို့လုပ်တဲ့ပွဲက ကထိန်ပွဲတွေ တန်ဆောင်တိုင်ပွဲတွေကို အခွင့် ကောင်းယူပြီးတော့ ရောချတဲ့ပွဲကြီးလေ။ သူတို့လုပ်တဲ့ပွဲကိုတော့ တော်ရုံတန်ရုံ ဘယ်သူမှ မသွားကြဘူး။ သူတို့ထောက်ခံတဲ့လူတော့သွားရင် သွားမှာပေါ့။ ကျနော်တို့က လူငယ်တွေဆိုတော့ ပွဲတွေတော့ကြိုက် ပါတယ်။ အခုက အန္တရာယ်များတယ်။ အစစ်အဆေးလည်း တော်တော်များတယ်လေ။ မသွားရလို့လည်း ဘာမှမဖြစ်သွားဘူးလေ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းမှုမတိုင်ခင် ယခင်ကာလများ၌ ပြည်နယ်နေ့ပွဲတော်များတွင် မြန်မာဇာတ်သဘင်၊ ကရင် ဇာတ်သဘင်၊ ရိုးရာဖက်ရှင်ပြိုင်ပွဲ၊ ကာယအလှမယ်နှင့် ကာယအလှ‌မောင်ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ ၊ စက်ဘီးပြိုင်ပွဲ၊ စင်တင်ဂီတဖျော်ဖြေပွဲ၊ ရိုးရာဒုံးအကပြိုင်ပွဲနှင့် ရိုးရာလက်‌ဝှေ့ပွဲစသည့် ဖျော်ဖြေမှုများ ထည့်သွင်းခဲ့သော်လည်း ယခုနှစ်ပွဲတွင်မူ ရိုးရာလက်ဝှေ့ပွဲနှင့် ဒုံးအကပြိုင်ပွဲများကိုသာ ပြုလုပ်နိုင် ကြောင်း သိရသည်။