Home သတင်း မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို သွားလာခြင်းမပြုရန် ပုလော PDF သတိပေး

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို သွားလာခြင်းမပြုရန် ပုလော PDF သတိပေး

887
Photo: CJ

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြိတ်ခရိုင်၊ တပ်ရင်း(၁) မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသောကြောင့် သွားလာခြင်းမပြုကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယမန်နေ့ နိုဝင်ဘာလ ၇ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုနေကြသော ခရီးသွားပြည်သူများအနေဖြင့် မြိတ်ခရိုင် တပ်ရင်း(၁)မှ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီကာလအထိ အချိန်အကန့်အသတ်မရှိ လုံးဝ(လုံးဝ) သွားလာခြင်း မပြုလုပ်ကြရန် ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပုလော (PDF)ပြန်ကြားရေး တာဝန်ခံတစ်ဦးက “အဓိကထုတ်ပြန်တာကတော့ စစ်ရေးကြောင့် ပြည်သူတွေထိခိုက်တာ မဖြစ်စေချင်လို့ပါ။ မလိုက်နာဘူးဆိုရင် အရေးယူဖို့မရှိပါဘူး။ မလိုက်နာတဲ့သူပဲထိခိုက်မှာပါ။ ကျနော်တို့ကလည်း လိုအပ်လို့သာ ထုတ်ပြန်ရတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းထုတ်ပြန်ချက်အပြင် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် ပျော်ပွဲရွှင်ပွဲကိစ္စများ ကိုလည်း လိုတာထက်ပိုမပြုလုပ်ကြရန်ကိုပါ အဆိုပါ တာဝန်ခံက ဆက်လက်သတိပေးပြောဆိုသည်။

“အရေးတကြီးကိစ္စ မရှိဘဲ အပြင်မထွက်ဖို့၊ စစ်ရေးသတင်းအမြဲနားစွင့်ဖို့၊ လိုအပ်သည်များ အဆင်သင့် ထုပ်ပိုးထားပြီး သတိနဲ့နေထိုင်ကြဖို့၊ မဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်များကို လိုက်နာပေးကြဖို့ အဓိကပါ။ အသက်ကို ဉာဏ်စောင့်တာဆိုတော့ ဉာဏ်ရှိရှိ နေထိုင်ကြဖို့ပါ။ မနေ့က ဖြစ်ရပ်တွေဆို ပြည်သူတွေ အသိ မရှိကြဘူး။ တိုက်ပွဲဖြစ်နေတာတောင် တိုက်ပွဲအတွင်း ကထိန်သွားဖို့ အလှူသွားဖို့ ဖြတ်သွားဖြတ်လာလုပ်နေကြ တာ။ သူတို့အတွက်အန္တရာယ်သိပ်များတယ်။ ဒီလိုစစ်ရေးတွေဖြစ်လာပြီးဆို ဉာဏ်ရှိရှိနေဖို့အထူးလိုအပ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ပြီးခဲ့သည့်ရက်အတွင်းမြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှတပ်ရင်းမှူး တစ်ဦးအပါအဝင် ၁၃ ဉီးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး လည်း ပစ်ခတ်မှုခံရ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲဖြစ်ပွားစဉ် အချိန်တွင်လည်း စစ်ကောင်စီဘက်မှ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်လျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။