Home သတင်း စစ်ရှောင်ကျောင်းသားလူငယ်များကိုအတင်းအဓမ္မပြန်ခိုင်းသည့် ထိုင်းအစိုးရ၏ လုပ်ရပ်အပေါ် ဥရောပရောက် ကရင်များ အပြင်းအထန်ရှုတ်ချ

စစ်ရှောင်ကျောင်းသားလူငယ်များကိုအတင်းအဓမ္မပြန်ခိုင်းသည့် ထိုင်းအစိုးရ၏ လုပ်ရပ်အပေါ် ဥရောပရောက် ကရင်များ အပြင်းအထန်ရှုတ်ချ

1076
Photo: CJ

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးကျေးရွာမှ တစ်ဖက် ထိုင်းနိုင်ငံဖက်ခြမ်းသို့ တိုက်ပွဲရှောင် ထွက်ပြေးနေရသည့် ကျောင်းသူ၊ ကျောင်းသားနှင့် ကျောင်းဆရာ၊ ဆရာမများကို ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထိုင်းနယ်ခြားစောင့် စစ်တပ်ဘက်မှ လှေဖြင့် အတင်းအဓမ္မပြန်ခိုင်းသည့်လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချ ကြောင်း ဥရောပရောက် ကရင်များက ယမန်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ကန့်ကွက်လိုက်သည်။

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်ကြုံတွေ့နေရသည့် ကရင်စစ်ဘေးရှောင် ပြည်သူများကို မြန်မာပြည်တွင်းသို့ အတင်းအဓမ္မ ပြန်ခိုင်းသည့်လုပ်ရပ်အပေါ် ဥရောပရောက် ကရင်ကွန်ရက်မှ အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပြောဆိုထားသည်။

တိုက်ပွဲကြောင့် တစ်ဖက် ထိုင်းနိုင်ငံဖက်ခြမ်းရှိ သောင်ရင်းမြစ်ကမ်းနံဘေးတွင် ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသား နှင့် ကျောင်းဆရာ၊ဆရာမများကို လတ်တလော သောင်ရင်းမြစ် ရေကြီးပြီး ရေးစီးကြမ်းချိန်တွင် စက်လှေဖြင့် အတင်းပြန်ကူးခိုင်းပြီး လှေတိမ်းမှောက်ခါနီးဖြစ်ရပ်နှင့်ကျောင်းသားများ၏ အော်ဟစ်သံပါဝင်သည့် ရုပ်သံတစ်ခု ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ပေါ်ထွက် လာခဲ့ပြီးနောက် ယခုလို ကန့်ကွက်ကြောင်းသဘောထား ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို့အပြင် ထိုင်းနယ်မြေပိုင်နက်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးခိုလှုံလာသူ မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရ အနေဖြင့် တိုက်ပွဲ မဖြစ်ပွားချိန်တွင် နေရပ်ပြန်ရန် ဖိအားပေး လုပ်ဆောင်မှုများ ဆက်လက်ရှိနေပြီး ယခုဖြစ်စဉ်တွင်လည်း ထိုင်းစစ်တပ်မှ တစ်ဖက်မြန်မာနိုင်ငံတွင် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွား နိုင်ခြေရှိသည့် အခြေအနေကို သိသိကြီးဖြင့် အတင်းပြန်လွှတ်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပ ကရင်ကွန်ရက်၏ တွဲဖက် ဥက္ကဌဖြစ်သူ နန့်ဟယ်လင်ထူးက “UN အေဂျင်ဆီတွေနဲ့ နိုင်ငံတကာ အစိုးရ တွေ အနေနဲ့က ထိုင်းအစိုးရကို ဒီဒုက္ခသည်တွေကို ပဋိပက္ခဇုန်ထဲကို ပြန်ခိုင်းတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ လူသိရှင်ကြားပဲဖြစ်ဖြစ်၊ သီးသန့်ပဲဖြစ်ဖြစ် ဖျောင်းဖျပြောဆိုရမယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အလားတူ အဆိုပါ ဒေသတွင် နယ်မြေအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအုပ်စုများကို ရှင်းလင်းရန် စစ်ကောင်စီဘက်မှ စစ်အင်အား အလုံးအရင်းဖြင့်တိုးချဲ့လှုပ်ရှားမှုများရှိခြင်းကြောင့် နှစ်ဖက်ပစ်ခတ် တိုက်ခိုက် မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသေးသလို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးကြီး၍ သောင်ရင်းမြစ်ရေလျှံမှုများကြောင့် စစ်ဘေးရှောင် ၁,၄၀၀ ဝန်းကျင် နေရပ်ထပ်မံ ရွှေ့ပြောင်းခဲ့ရပြီး နေရာထိုင်ခင်း၊ အစားအသောက်၊ ရေနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်းလည်း စစ်ရှောင် ကူညီသူများက ပြောသည်။

“ထိုင်းတော်ဝင်အစိုးရ အနေဖြင့် မြန်မာဒုက္ခသည်များကို ဖြိုခွင်းမှုများ ပြုနေစဉ် တချိန်တည်းမှာပဲ မြန်မာစစ်တပ် နဲ့ ပူးပေါင်း လုပ်ဆောင်တာတွေ ထိုင်းကုမ္ပဏီတွေအနေနဲ့လည်း မြန်မာစစ်တပ်အပေါ် ငွေကြေးထောက်ပံ့မှုတွေ ပြုတာတွေ လုပ်ပါတယ်။ နိုင်ငံပိုင်တွေပါဝင်တဲ့ ထိုင်းကမ္ပဏီတွေ အနေနဲ့ ဒုက္ခသည်တွေ ထိုင်းနိုင်ငံကနေ အတင်း ထွက်သွားစေဖို့ မြန်မာစစ်တပ်ကို ဗုံးတွေ ကျည်တွေ ကူညီပေးဆောင်နေတယ်” ဟု လည်း ဥရောပ ကရင်ကွန် ရက်၏ ဥက္ကဌ နန်းကြည်အေးကလည်း ထုတ်ပြန်ချက်တွင် မှတ်ချက်ပြု ပြောဆိုထားသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော် ဒေသတိုက်ပွဲများကြောင့် ဒေါနတောင် အရှေ့ဘက်အခြမ်း ဖလူး-ဝေါလေ၊ ဆုံဆည်းမြိုင်ဒေသအထိ စစ်ဘေးရှောင်နေရသူ ၁၅,၀၀၀ ခန့် ရှိကြောင်း စစ်ဘေးရှောင်ကူညီပေးသည့်အဖွဲ့များ စာရင်းအရ သိရှိရသည်

ဥရောပကရင်ကွန်ရက်(European Karen Network – EKN)သည် ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေများကို အသိပညာမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။