Home သတင်း ကော့ကရိတ်မြို့ပေါ်တိုက်ပွဲကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်၊ စာသင်ကျောင်းများ ပိတ်ထားရ

ကော့ကရိတ်မြို့ပေါ်တိုက်ပွဲကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်၊ စာသင်ကျောင်းများ ပိတ်ထားရ

1537

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်နေကြပြီး အခုလက်ရှိတွင် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ရှိ စစ်ကောင်စီရုံးနှင့် ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီကျော်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ၊ ကော်သူးလေတပ်မတော် -KTLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီဘက်မှ လေကြောင်းများဖြင့် ကော့ကရိတ်စစ်ကောင်စီရုံးများဘက်သို့ ၀င်ရောက်စီးနင်းသည့် KNLA /KTLA ပူးပေါင်းတပ်များ လှုပ်ရှားနေရာများနှင့် ကရင်ဒေသခံများနေထိုင်သည့် ကျေးရွာများဘက်သို့ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုနှင့် ဘာသာရေး အဆောက်အဦးများအပါအဝင် လူနေအိမ်၊ ဥယာဉ်ခြံများ ခိုက်ပျက်စီးမှုရှိခဲ့သည်။

ယခုလိုဖြစ်စဉ်ကြောင့် ကော့ကရိတ် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေကြပြီး မိမိတို့ ကလေးငယ်များအား ကျောင်းပေးမတက်ရခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့နယ်၊ နဘူးရွာမှ ဒေသခံကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ တိုက်ပွဲဖြစ်တော့ ဘယ်မိဘများက မိမိတို့ ကလေးငယ်တွေကို ကျောင်းပေးတက်မလဲ၊ အခုလေယာဥ် ဗုံးလာကြဲတော့ ရွာတွေမှာ ကြဲတယ်၊ အခု နဘူးမှာရှိတဲ့ ကျောင်းကိုလည်း ပိတ်ထားလိုက်ပြီး၊ ကော့ကရိတ် မြို့နယ်မှာ ရှိတဲ့ ရွာအတော်များများပါပဲ ကျောင်းပိတ်ထားရတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသားမိဘများသည် မိမိတို့၏ ကလေးများကို စိတ်မချသဖြင့် ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများနှင့် ကျောင်းဆရာများအပါအဝင် တွေ့ဆုံဆွေး‌နွေးကြပြီး ယခုလို ကျောင်းပိတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ကျောင်းဆရာတစ်ဦးကလည်း ပြောသည်။

ထိုကျောင်းဆရာက “ဒီက ရွာတွေမှာ သူတွေက ကြောက်လန့်နေကြတယ်။ အချို့လည်း ရှောင်ပြေးကြကုန်ပြီး။ ကျန်သူတွေလည်း အခြေအနေစောင့်ကြည့်နေကြပါတယ်။ သူတို့ ကလေးတွေ ကျောင်းပို့ဖို့ သူတို့က စိတ်မချတော့ အခုလို ကျောင်းပိတ် လိုက်တာပါ” ဟု ‌ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်ဒေသခံများ နေထိုင်သည့်ရွာများဖြစ်ကြသည့် ကောင်းမှု၊ ပျားပင်၊ ခနိမ်းမူရပ် ကွက်နှင့် ကျေးရွာများဘက်သို့ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အဆောက်အဦး၊ ဥယာဉ်ခြံများ ထိခိုက်ပျက်စီးမှု အရေအတွက် အတိအကျကို ကေအိုင်စီအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။