Home သတင်း ကော့သောင်းမြို့တွင်း မီတာကြေးအဆမတန်တက်လာ၍ ဒေသခံများအတွက် ပိုမိုခက်ခဲလာ

ကော့သောင်းမြို့တွင်း မီတာကြေးအဆမတန်တက်လာ၍ ဒေသခံများအတွက် ပိုမိုခက်ခဲလာ

938
Photo: CJ

အောက်တိုဘာ၂၅ ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ယခင်လများမှစ၍ လျှပ်စစ်မီတာကြေး အဆမတန်ပေးဆောင် နေရသောကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့နေကြရသည်ဟု ကော့သောင်းမြို့ခံများက ပြောသည်။

ကော့သောင်းမြို့တွင် ယခင်ဇန်နဝါရီလက လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ်နှစ်ရာသာပေးဆောင်ခဲ့ရသော် လည်း ဖေဖော်ဝါရီလတွင် တစ်ယူနစ် ၉၅၀ မှစတင်ကာ ယခုအောက်တိုဘာလတွင်မူ (၁,၂၄၀)ကျပ်ထိ ပေးဆောင် နေရကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက“အရင်လကတော့ နှစ်ရာလောက်ပဲ ပေးရလေ၊ နောက်တော့ တဖြည်းဖြည်းနဲ့ တက်လာတာမှတ်မိသ လောက်က ဖေဖော်ဝါရီလလောက်မှာ တစ်ယူနစ်ကို ၉၀၀ ကျော်ထိ တက်လာတာ တဖြည်းဖြည်းနဲ့ ဆက်တက် ဖို့ပဲ ရှိတာလားတော့ မသိဘူး။ မီတာဖိုးနဲ့တင်မွဲဖို့ရှိတယ်။ ထိုင်းမီးကိုတော့ မယူကြဘူး။ ဒီဘက်မှာက သာမန် အရပ်သားပြည်သူတွေအတွက်ကျတော့ မီတာဖိုးနဲ့တင် တစ်လတစ်လက ကုန်နေပြီး။ မီတာခကိုတစ်လတစ်လ ဘယ်လိုပေးရမလဲပဲတွေးနေရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ကော့သောင်းမြို့တွင် ဖိုးသီရချိုကုမ္ပဏီနှင့် အစိုးရက ဖြန့်ဖြူရပေးနေသည့် လျှပ်စစ်မီးလိုင်းနှစ်ခုရှိနေပြီး မီတာခ အဆမတန်တက်လာရခြင်းမှာ စက်သုံးဆီများစျေးတက်လာရခြင်းကြောင့် ယခုလိုကောက်ခံနေခြင်းဖြစ်ကြောင်း နှင့် စက်သုံးဆီစျေးအတက်အကျပေါ်မူတည်ပြီး မီတာခစျေးတက်လာရခြင်းဖြစ်ကြောင်းလည်း မြို့ခံများက ဆိုကြသည်။

မီတာခများကို တစ်လထက်တစ်လ အဆမတန် ပေးဆောင်ကြရပြီး မီတာကြေးမပေးဆောင်ပါက မပေးဆောင် သောနေအိမ်ကိုမီးဖြတ်ခြင်းနှင့် ပြန်လည်ပေးဆောင်ပါက လိုင်းဆွဲခကိုလည်း ပေးဆောင်ရသည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“မီတာမဆောင်တဲ့အိမ်တွေကိုတော့မဖမ်းပေမဲ့၊ သူတို့သတ်မှတ်ထားတဲ့ ရက်ကျော်ရင်သူတို့မီးဖြတ်တယ်။ အကယ်၍မီးဖြတ်ခံရတဲ့နေအိမ်တွေ မီးပြန်ယူရင် လိုင်းဆွဲခပြန်ပေးရတယ်။ ပြီးတော့ ဆီစျေးကလည်း(၃,၀၀၀)နဲ့ အထက်မှာရှိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၎င်းဖြစ်စဉ်သည် ကော့သောင်းမြို့တွင်သာမက ၎င်းမြို့အနီးရှိကျေးရွာများကိုလည်း ယခုလို တိုးကောက်နေမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။