Home သတင်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကရင်ပါတီများ ပေါင်းစည်းရန် ညှိနှိုင်းသွားဖွယ်ရှိ

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကရင်ပါတီများ ပေါင်းစည်းရန် ညှိနှိုင်းသွားဖွယ်ရှိ

950

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လာမည့် ၂၀၂၃ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းရန် ညှိနှိုင်းသွားဖွယ်ရှိကြောင်း ကရင်ပြည်သူ့ပါတီ (KPP)ပါတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်(UEC)မှ နိုင်ငံရေး ပါတီများအနေဖြင့် ပါတီဝင်အင်အားနှင့် ပါတီရန်ပုံငွေကို တိုးမြှင့်သွားရမည့် အစီအစဉ် ကြောင့် ယခုလို ပါတီများ ပေါင်းစည်းသွားရန် စဉ်းစားနေကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ KPP ပါတီဝင်၏ ဗဟိုခေါင်းဆောင်တစ်ဦးက ယခုလိုပြောသည်။

“အခုက ပါတီတစ်ခု တည်ထောင်ဖို့အတွက်ဆိုရင် လူအင်အား တိုးသတ်မှတ်ထားတယ်။ ဒါပေမဲ့ ဘယ်လောက် လဲဆိုတာတော့ အတိအကျ မပြောလိုက်ဘူး။ နောက်ငွေကြေးအင်အားလည်းတိုးမယ် ပြောတယ်။ အဲ့တော့ ကရင်ပါတီအချင်းချင်းကြား ပြန်ညှိနှိုင်းရမယ်။ UEC က အကြံပေးတာတော့ ပေါင်းဖို့အကြံပေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကရင်နိုင်ငံရေးပါတီများတွင် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ဧရာဝတီတိုင်း ဒေသ ကြီး အခြေစိုက်ကရင်အမျိုးသားပါတီ(KNP) စသည့် ပါတီများရှိသည့်အနက် လက်ရှိတွင် KNDP၊ KPP နှင့် PSDP အကြား အဓိက ဆွေးနွေးညှိနှိုင်းသွားဖွယ်ရှိကြောင်း ၎င်းပါတီဝင်က ဆက်ပြောသည်။

ယခုလ ၂၂ ရက်နေ့က KPP ပါတီ၏ ဧရာဝတီတိုင်းဒေသကြီးအဆင့် ပါတီမျက်နှာစုံညီ အစည်းအဝေးပွဲကို မြောင်းမြမြို့တွင် ပြုလုပ်ကျင်းပခဲ့ပြီး ပါတီဝင်များ၏ အခြေအနေများနှင့် လာမည့် ရွေးကောက်ပွဲအပေါ် သဘော ထားများကို မေးမြန်းဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ပါတီအချင်းချင်းကြား ညှိနှိုင်းမည့် သဘောထား များရှိ လာကြောင်းသိရသည်။

သို့သော် လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြင်းရှိ၊ မရှိမသိရသေးသည့်အပေါ် စောင့်ကြည့်သွားရအုံးမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်းမဝင်ခြင်း မှာလည်း မသေချာသေးကြောင်း ကရင်နိုင်ငံရေးပါတီများက ဆိုသည်။

KNDP ဥက္ကဌဖြစ်သူ မန်းအောင်ပြည်စိုးကမူ တစ်ပြည်လုံးမှာရှိသည့် ကရင်လူမျိုးများအတွက် ကရင်အမျိုး သားများ၏ အရေးအရာများကို ပြောဆို နိုင်ရန် ကရင်ပါတီတစ်ခုရှိသင့်သည့်အပေါ် ကရင်ပါတီအနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းအပေါ် မဆုံးဖြတ်ရသေးကြောင်း ကေအိုင်စီသို့ ပြောဆိုထားသည်။

သူက “အခု အာဏာထိန်းထားတဲ့ ဒီအဖွဲ့အစည်းကို ကျနော်တို့ ကြိုက်သော်ရှိ မကြိုက်သော်ရှိ ပါတီတစ်ခု ထားရှိသင့် တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ပါတီခိုင်မြဲအောင် ပါတီရှိနေအောင် လုပ်ရမယ်ဆိုတဲ့ သဘောထားလေး တော့ ဝင်လာတယ်။ ပါတီတစ်ခု ဖြစ်စေလိုတဲ့ ရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုလို့ရှိရင်တော့ အခု တက်လာတဲ့ စကစကိုလည်း ကျနော်တို့ မကြိုက်ရင်တောင် ကလန်လုပ်လို့ မဖြစ်ဘူးပေါ့။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတဲ့ အပိုင်းက အခုအချိန်ထိ ဘာမှတိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ “ ဟု ကေအိုင်စီ သို့ ပြောသည်။

ပါတီတစ်ခု ရှိလာပြီးဆိုပါက ရွေးကောက်ပွဲ ဝင်သွားရမည်ဖြစ်သော်လည်း လက်ရှိ ရွေးကောက်ပွဲ ဖြစ်မည် မဖြစ်မည်ဆိုသည့် မရေရာသည့်အခြေအနေတွင် အခြေအနေများကိုသာ စောင့်ကြည့်သွားရအုံးမည် ဖြစ်ကြောင်း မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

စစ်ကောင်စီ အနေဖြင့် လာမည်နှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုထားပြီး ပြင်ဆင်မှု အချို့လည်းပြုလုပ်နေကာ ၎င်းတို့ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှလည်း နိုင်ငံရေးပါတီများကို စိစစ်ပေးရန် ယခင် ၂၀၂၁ခုနှစ် မေလ ၂၄ ရက်နေ့က ပြည်ထဲရေးကိုအကြောင်း ကြားခဲ့သည်။ နိုင်ငံရေး ပါတီတချို့ကိုလည်း ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေကောက်ခံပုံ၊ လှုပ်ရှားမှု၊ မတရား အသင်း ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံမှုရှိမရှိ စသည်တို့ကို လိုက်လံစစ်ဆေးမှုများပြုလုပ် ခဲ့သည်။

လက်ရှိ စစ်ကောင်စီမှ ပြုလုပ်ရန် ရည်ရွယ်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် နိုင်သူ အကုန်ယူ (First Past The Post- FPTP) စနစ်ထက် တိုင်းရင်းသားပါတီများ ပိုမိုလက်ခံဖွယ်ရှိသည့် အချိုးကျ ကိုယ်စားပြုမှု စနစ် (Proportional Representation-PR) စနစ်ကို ကျင့်သုံးသွားရန် ရည်ရွယ်ထားခြင်းကြောင့် ရွေးကောက် ပွဲကော်မရှင်နှင့် စစ်ကောင်စီ ခေါင်းဆောင်က တရားဝင်ပြောဆိုထားသည်။

စစ်ကောင်စီမှ ပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် အတိုက်အခံ ပါတီတချို့မှ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ယခုလအတွင်း ကြေညာ ပြောဆို ထားမှုများရှိ ခြင်းကြောင့် ရွေးကောက်ပွဲဖြစ်ပေါ်လာနိုင်ခြင်းရှိ မရှိအပေါ် အကဲဖြတ်စောင့်ကြည့်မှုများလည်း ရှိသည်။