Home သတင်း NCA အခြေခံမူ (၃)ချက်ကို ယနေ့အချိန်ထိကြိုးပမ်းနေကြောင်း PPST အဖွဲ့ပြော

NCA အခြေခံမူ (၃)ချက်ကို ယနေ့အချိန်ထိကြိုးပမ်းနေကြောင်း PPST အဖွဲ့ပြော

778

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

NCA ၏ အခြေခံမူ (၃)ချက်ဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများအား အကာအကွယ်ပေးရေးစသည့် အချက်များကို ယနေ့အချိန်ထိ ကြိုးပမ်းနေကြောင်း ယခုလအောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့်အထိမ်းအမှတ်နေ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က သဘောထား ပြန်လိုက်သည်။

မူလ NCA ပြဌာန်းချက်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့သည့်အတွက် ပြည်သူလူထုများအကြပ်အတည်းမှ လွတ်မြောက်နိုင်စေရန် ဖော်ပြပါ NCA အခြေခံမူ (၃)ချက်ကို ယနေ့အချိန် ကြိုးပမ်းအကောင်အထည်ဖော်နေကြောင်း ၇ နှစ်မြောက် NCA လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်နေ့ တွင် ရှင်းလင်းတင်ပြလိုကြောင်း ယနေ့အောက်တိုဘာလ ၁၄ရက်နေ့တွင် PPSTက သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

PPST ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီ ၃ ချက်က အခုမှ ချမှတ်ထားတာမဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးကတည်းက ဒါတွေကို NCA အခြေခံမူတွေထဲက ယူထားခြင်းဖြစ်တယ်။ ဒီ ၃ ချက်ကို ဒီကနေ့ ကြုံတွေ့ နေရတဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒါကို စွဲကိုင်ထားခြင်းဖြစ်တယ်။ အဲ့အတွက် ဒါတွေကိုလည်း အခုတစ်ကြိမ်သွားရောက်တွေ့ဆုံမှုတွေမှာ ဘယ်လို နည်းလမ်း တွေရှာပြီး ဘယ်ကနေစပြီး အကောင်အထည်ဖော်မလဲဆိုတာတွေအတွက် အခုလို သတင်းထုတ်ပြန်ထားခြင်းဖြစ်ပါတယ် “ ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် လက်ရှိ အာဏာသိမ်းပြီးချိန် တစ်နှစ်ကျော်လာသည့်အထိ အဆိုပါ အခြေခံမူ (၃)ချက်ကို သက်ဆိုင်ရာ စစ်ကောင်စီ နှင့် PPST အနေဖြင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း နှင့် လတ်တလော တစ်ဖွဲ့ချင်းတွေ့ဆုံမှုများတွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါင်းစဉ်ဖြင့်သာ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်၍ အဆိုပါ မူ(၃)ချက်ကို ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

ယခင် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၇ နှစ်မြောက် ဂုဏ်ပြုပွဲကို လာမည့် နံနက်ဖြန်တွင် နေပြည်တော်တွင် အကျဉ်းရုံး ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ NCA လက်မှတ်ရေးထိုးထားသူများအနေဖြင့်လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုသို့ တက်ရောက်ရခြင်းမှာလည်း NCA လက်မှတ်ရေးထိုးထားသည့် လူပုဂ္ဂိုလ်ခေါင်းဆောင်ကြီးများကို သီးခြား ဖိတ်ကြားခြင်း၊ အဖွဲ့အစည်းအလိုက် သီးခြားဖိတ်ကြားထားခြင်းတို့ကြောင့် PPST အဖွဲ့ဝင်များအနေဖြင့် NCA ဂုဏ်ပြုပွဲကို ပါဝင်တက်ရောက်ရန်လိုအပ်၍ တက်ရောက်ရခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။

ထို့အပြင် NCA သည် လက်ရှိ ပြည်တွင်းစစ်ကို ဦးတည်နေသည့် ပဋိပက္ခများကို ရပ်စဲလျော့နည်းစေပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး အခြေခံမူအပေါ် ပြည်သူများ လိုလား တောင်းတသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်အစပျိုးရန် လမ်းစဖြစ်ကြောင်းကို ယုံကြည်ကြောင်းလည်း PPST က ၎င်းတို့၏ သဘောထားကိုပါ ဖော်ပြထုတ်ပြန်ထားခဲ့သည်။

PPST အဖွဲ့ကို ယခင် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖြင့် စုစည်းထားသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်အားကြီးအဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNUမှ လွဲ၍ ကျန်အဖွဲ့ဝင် အဖွဲ့စည်းများအနေဖြင့် ဆက်လက် စုစည်းထားပြီး အာဏာသိမ်းစစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုတွင်လည်း တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။