Home သတင်း နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လေးစားအသိမှတ်ပြုကြောင်း KNU ပြောဆို

နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လေးစားအသိမှတ်ပြုကြောင်း KNU ပြောဆို

655

အောက်တိုဘာလ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

နိုင်ငံရေးလှုပ်ရှားမှု အသီးသီးတွင် အခက်အခဲအကြပ်အတည်းပေါင်းများစွာကို အန်တုရင်း အာဏာရှင် ချုပ်ငြိမ်းရေးဖြစ်သည့် နွေဦးတော်လှန်ရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ တက်ကြွစွာဆက်လက်ပါဝင် တိုက်ပွဲဝင်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ -DPNS ကို လေးစားအသိမှတ်ပြုသည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ပြောဆိုသည်။

ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျရောက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ -DPNS ထူထောင်ခြင်း၏ (၃၄)နှစ်မြောက်အထိမ်းအမှတ်နေ့အတွက် ကေအဲန်ယူအဖွဲ့အစည်း၏ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာထဲတွင် ထိုသို့ ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံတစ်ဝှမ်းရှိ ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်ကြသည့် ပြည်သူ့အရေးလှုပ်ရှားမှုမှ ပေါက်ဖွားလာသည့် ပါတီတစ်ခုဖြစ်ပြီး ပါတီ၏ ရည်မှန်းချက် မူဝါဒများကို ဆုပ်ကိုင်၍ သမိုင်းပေးတာဝန်များကို မျိုးဆက်သစ်လူငယ်များနှင့်အတူ ဆက်လက် သယ်ဆောင်တိုက်ပွဲဝင်နေသည်ကိုလည်း တွေ့နေရသည်ဟု KNUက ပြောသည်။

၁၉၉၁ ခုနှစ်ကတည်းကစတင်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် KNU ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ကာ ပြည်သူလူထုလိုလားသည့် အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်အောက်မှ နိုင်ငံရေးလှုပ်ရှားမှုအသီးသီးတွင်ပါဝင်သည့်အပြင် နွေဦးတော်လှန်ရေးတွင် ဆက်လက်ပါဝင်တိုက်ပွဲဝင်နေသည့် သမိုင်းဖြတ်သန်းမှုကိုလည်း လေးစားအသိမှတ်ပြုကာ မော်ကွန်းတင်အပ်ကြောင်းလည်း KNU ၏ ဂုဏ်ပြုသဝဏ်လွှာထဲ၌ ဖော်ပြထားသည်။

ယနေ့ မြန်မာနိုင်ငံရှိ ပြည်သူလူထုများကြုံတွေ့နေရသည့် အတိဒုက္ခအပေါင်းစုံမှ လွတ်မြောက်ရန်မှာ နွေဦးတော်လှန်ရေး၏ တိုက်ပွဲဦးတည်ချက်ဖြစ်သည့် စစ်အာဏာရှင်အမြစ်ဖြတ်သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေးတို့အောင်မြင်ရေးပင်ဖြစ်ကာ အမှန်တကယ်ပြီးမြောက်အောင်မြင်သည်အထိ လူမျိုးပေါင်းစုံပြည်သူလူထုများပူးပေါင်း လက်တွဲတိုက်ပွဲဝင်ကြရန် အရေးတကြီးလိုအပ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၄)နှစ်မြောက်အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ကျနော်တို့တိုင်းပြည်ရဲ့ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်ဘူးဆိုရင် ကျနော်တိုင်းပြည်ရဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခြေအနေတွေမရှိဘူးဆိုရင် ကျနော်တို့ တိုင်းပြည်က ဘယ်တော့မှငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ အခုကျဆုံးနေတဲ့ ကျနော်တို့တိုင်းပြည်ဟာ အကြီးအကျယ်ကျဆုံးဖို့ပဲရှိတယ် အဲဒီအခြေအနေမတည်ဆောက်နိုင်ဘူးရင်။ အဲဒီအခြေအနေတွေ တည်ဆောက်နိုင်ဖို့ဆိုရင် ကျနော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်တာကတော့ ကနေ့ဖက်ဆစ် စစ်တပ်ကို မောင်းထုတ်ဖြစ်ဖို့ဖြစ်တယ်။”ဟု ယနေ့ အွန်လိုင်းပေါ်တွင် ကျင်းပပြုလုပ်သည့် ပါတီတည်ထောင်ခြင်း (၃၄)နှစ် အခမ်းအနားတွင် ပြောဆိုသည်။

ထို့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း စစ်အာဏာရှင်အမြစ်ဖြတ်သုတ်သင်ရေး အင်အားစု များအချင်းချင်းကြား “အလုပ်တူ၊ ရည်မှန်းချက်တူ ပူးပေါင်းဆောင်ရွက်မှုမှသည် ခိုင်မာသော သွေးစည်းညီညွတ်ရေးတည်ဆောက်လျက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ” ကျရာ တာဝန်ထမ်းလျက် လက်တွဲပူးပေါင်းအားထုတ်မည်ဖြစ်ကြောင်းလည်း ပါတီ၏သဘောထား ထုတ်ပြန်ထားချက်တွင် ဖော်ပြပါရှိသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ရှစ်လေးလုံးလူငယ်များက ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲပြီးနောက် ပါတီဖျက်သိမ်းရေး ကြိုးပမ်းရာတွင် ပါတီခေါင်းဆောင်အချို့ ပါတီအလံကို သယ်ဆောင်၍ ထိုင်းမြန်မာနယ်စပ်တွင်ခိုလှုံ၍ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ကာ ပါတီစည်းရုံးရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၊ ဖက်ဒရယ်ရေးရာများကို ဆက်လက်လှုပ်ရှားခဲ့သည်။

ထို့နောက် ၂၀၁၄ ခုနှစ်တွင် တရားဝင်နိုင်ငံပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၂၀ ပါတီစုံရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။