Home တွေ့ဆုံမေးမြန်းခန်း နယ်စပ်လူငယ်များကို ပန်းချီပညာသင်ကြားပေးသူ ဆရာမနော်လားစေးနှင့်မေးမြန်းခြင်း

နယ်စပ်လူငယ်များကို ပန်းချီပညာသင်ကြားပေးသူ ဆရာမနော်လားစေးနှင့်မေးမြန်းခြင်း

1033

နယ်စပ်လူငယ်များကို ပန်းချီပညာသင်ကြားပေးသူ ဆရာမနော်လားစေးနှင့်မေးမြန်းခြင်း

နယ်စပ်ဒေသ တိုင်းရင်းသားကျောင်းသား လူငယ်များကို ပန်းချီပညာရှင်များအဖြစ် မျှော်မှန်းပြီး သင်ကြားပေးခဲ့ သည့် သင်တန်းဆရာမနော်လားစေးအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မေး။ ။ နယ်စပ်က ဆယ်ကျော်သက် ကရင်လူငယ်လေးတွေကို ပန်းချီသင်တန်းပြုလုပ်ဖြစ်လာပုံ အကြောင်း အရင်းလေး အရင်ဆုံး ပြောပြပေးပါလား။
ဖြေ။ ။ ကျမအနေနဲ့ ဒီနယ်စပ်က ကျောင်းတွေမှာ စာသင်ဖို့အတွက်ပေါ့နော်။ ဒီကကျောင်းအုပ်တို့၊ ၊ တာဝန်ရှိသူတွေက ဖိတ်ခေါ်တဲ့အခါမှာ ကျမက စာသင်ဖို့ရောက်လာတယ်။ အင်္ဂလိပ်စာတို့၊ Business Administration တို့ သင်မယ်ပေါ့နော်။ သို့သော်လည်း ကျမရဲ့တတ်မြောက်တဲ့ ပညာတစ်ခုဖြစ်တဲ့ပန်းချီပေါ့။ ပန်းချီဆွဲဖို့အတွက် ဝါသနာရှိလားလို့ မေးတော့လည်း ရှိကြတယ်။ ကလေးတွေကလေ အဲ့ဒါနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက စပြီးတော့ စမ်းပြီးတော့ ဖွင့်ကြည့်တာ အဲ့ပန်းချီသင်တန်းပေါ့။ ကျမတို့ကတော့ (Extra curriculum Vocational Training ) ကျောင်းမှာလည်း အဲ့လိုမျိူးသင်တန်းလေးတွေရှိတယ်လေ။ လျှပ်စစ်သင်တန်းတို့၊ နောက်လက် သမားသင်တန်းတို့ စသည်ဖြင့်ရှိတယ်ဆိုတော့ ပန်းချီကိုလည်းပဲ အဲ့လိုမျိူး ကျောင်းပြီးတဲ့အချိန်မှာ (Extra curriculum) အနေနဲ့ထည့်လိုက်တော့ တက်ရောက်တဲ့လူတွေကတော့ (၁၅)ဦးလောက်ရှိတယ်။

ဆိုတော့ အဲ့ဒီမှာ ကျမစပြီးတော့ သင်ကြားခဲ့တယ်။ အဲ့မှာလည်း ပါရမီရှင်လေးတွေ ရှိလာတာကို တွေ့ရ တယ်ပေါ့နော်။ သင်တာတော့ (၂)နှစ်ရှိပြီးပေါ့။ ဒီနှစ်ကိုလည်း ဆက်ပြီးတော့ သင်မယ်။ နောက်ပြီးတော့လည်းပဲ ဒီနယ်စပ်မှာရှိတဲ့ တစ်ခြားကောလိပ်ကျောင်းတွေပေါ့နော်၊ အမျိုးသမီး ကောလိပ်ကျောင်းတို့ နောက်ပြီးတော့ ဆရာဖြစ်သင်တန်းကျောင်းတို့ပေါ့နော်။ အဲ့ဒီမှာတွေလည်း ကျမသွားပြီးတော့ ကျောင်း (၃)ကျောင်းပေါ့နော်။ အဲ့မှာလှည့်ပြီးတော့ ဒီပန်းချီပညာရပ်ကို လှည့်လည်သင်ကြား ပေးနေပါတယ်။

မေး။ ။ နောက်တစ်ခုကတော့ ဒီပန်းချီပညာသင်တန်းပေါ့နော်၊ ဖွင့်လှစ်သင်ကြားပေးတာ ဘယ်နှစ်ကြိမ်လောက်ရှိပြီးလဲ။ ဒီပန်းချီပညာ ဝါသနာရှင်လေးတွေ ဘယ်နှစ်ဦးလောက်တက်ရောက်ခဲ့ကြလဲပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့ ပန်းချီသင်တန်းက (၇)ခါ၊ (၈)ခါလောက်တော့ရှိပြီး။ ပန်းချီသင်တန်းတက်ရောက်တဲ့ သင်တန်းသားတွေကတော့ အယောက်(၂၀၀)လောက်ရှိပါတယ်လို့။ ကျမအဲ့ဒီကျောင်းတွေမှာ ဒီနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျောင်းတွေမှာ သင်တဲ့အပြင်ကို ကရင်နီဘက်မှာပေါ့နော်။ ကရင်နီဘက်မှာ တိုက်ပွဲကြောင့်ပေါ့။ ခြေထောက်ပြတ်သွားတဲ့လူငယ်လေးတွေပေါ့နော်။ သူတို့ရဲ့ Rehabilitation Center (ပြန်လည်ထူထောင်ရေးစင်တာ)ထဲမှာလည်းပဲ လိုအပ်ချက်ရှိတဲ့အတွက်ကြောင့် ကျမသွားသင်ဖူးပါတယ်။ ဒါကတော့ ကျောင်းတော့မဟုတ်ဘူးပေါ့နော်။ သူတို့ရဲ့ပြန်လည်ထူထောင်ရေးစင်တာမှာ သူတို့ရဲ့စိတ်ကုထုံးပေါ့။ အဲ့ဒါလေးလုပ်ပေးပါလို့နော်။ အဲ့ဒီ Rehabilitation Center ကနေ ဖိတ်ခေါ်တဲ့အတွက်ကြောင့် အဲ့ဒီကရင်နီမှာလည်း သင်တန်းတစ်ခါလုပ်ခဲ့ဖူးပါတယ်။

မေး။ ။ နောက်တစ်ခုကတော့ စောစောက ဆရာမပြောထားတဲ့ နယ်စပ်ဒေသက ကျောင်းတွေပေါ့နော်။ ပါဝင်တက်ရောက်တဲ့သူတွေက နယ်စပ်ဒေသက ကျောင်းတွေက ဘယ်လိုကျောင်းအမျိုးအစားမျိုးတွေလဲ။
ဖြေ။ ။ ကျောင်းတွေက ဒီကောလိပ်အဆင့်ပေါ့နော်။ အထက်တန်းအောင်ပြီးတော့ ကောလိပ်အဆင့်ဖွင့် ထားတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆရာဖြစ်ကောလိပ်တို့နော်။ နောက်ပြီးတော့ အမျိုးသမီး သင်တန်းကောလိပ်တို့။ နောက်ပြီးတော့ Businesses Administration၊ ပြီးတော့ Computer Science ပေါ့နော်။ အဲ့ဒါတွေကိုသင်ကြားတဲ့ကောလိပ်ကျောင်းပေါ့နော်။ ဒေါက်တာ တီသံပြာ Christian Institute အဲ့ဒါလည်း တည်ထောင်ကတော့ (၇)နှစ်၊ (၈)နှစ်လောက်ရှိပါပြီ ။ အဲ့ဒီကျောင်းတွေမှာ ကျမရဲ့ ဒီပညာတွေကိုဖြန့်ဖြူး တဲ့ကျောင်းတွေဖြစ်ပါတယ်လို့။

မေး။ ။ ဆရာမသင်တန်းကျောင်းမှာ လေ့လာသင်ယူတဲ့ လူငယ်မောင်မယ်တွေပေါ့နော်။ သူတို့ရဲ့စိတ်ပါဝင်စားမှုကော အခြေအနေဘယ်လိုရှိပါသလဲ။ ပြီးတော့ သင်တန်းက (၈)ကြိမ်လောက်ရှိပြီးဆိုတော့လေ လူငယ်တွေ ဘယ်လောက် မွေးထုတ်ပြီးနိုင်ပြီးလဲ။
ဖြေ။ ။ ကျမသင်တန်းတစ်ခါလုပ်လို့ရှိရင်တော့ ဥပမာအားဖြင့် Vocational Training ဆိုတာက Extra curriculum ဆိုတော့ သူတို့ Choice လုပ်လို့ရတယ်လေ။ ကျမသွားသင်တဲ့ကောလိပ်မှာဆို တစ်ချို့တွေကလည်း လျှပ်စစ်သင်တန်းတက်မယ်။ တစ်ချို့တွေကလည်း လက်သမားတက်မယ်။ တစ်ချို့ကလည်း ပန်းချီသင်တန်း တက်မယ်ပေါ့ ။ ဆိုတော့ ကျမသင်တာကတော့ (၁၅)ယောက်လောက်ရှိတယ်။ (၁၅)ယောက်ထဲမှာတောင် (၅)ယောက်လောက်က တော်တော်ကောင်းပါတယ်။ ၃ ပုံ ၁ ပုံလောက်ပေါ့နော်။ တော်တော်လေး အယူအဆ အဲ့ဒါကလည်း ပါရမီပေါ်မှာ မူတည်တာပေါ့နော်။ ပန်းချီက သင်ရတာတော့မှန်တယ်။ ဒါပေမဲ့ ဒီလူငယ်တွေရဲ့ သူတို့ရဲ့အမြင် တီထွင်ကြံဆမှု ပေါင်းစပ်ပြီးမှ နောက်ပြီးတော့သူတို့ရဲ့ကြိုးစားမှုပေါ့နော်။ အဲ့ဒါလေးတွေလည်း လိုတယ်။

တစ်ချို့တွေက ကျမသင်ပြီးတော့ သူတို့ YouTube လေး တွေကြည့်တယ်။ ဆွဲတယ်ပြီးတော့ ကျမ ကိုပြန်လာပြတယ်။ အဲ့လိုမျိုး ကြိုးစားတဲ့လူငယ်တွေကတော့ ကလေးတွေကတော့ ပိုပြီးတော့ လက်ရာ ကောင်းတာပေါ့နော်။ တစ်ချို့အတန်းတွေကျတော့ ကျမသင်တာ လူ(၅၀)လောက်ရှိတဲ့အတန်းတွေလည်း သင်ရတာရှိတယ်။ လူ(၅၀)လောက်ဆိုလို့ရှိရင်တော့ အဲ့ဒီထဲမှာ (၁၀)ယောက်လောက်ကတော့ တော်တော် လေးကောင်းကောင်းမွန်မွန်ဆွဲနိုင်တာကို တွေ့ရတယ်ပေါ့နော်။ ဆိုတော့သင်တဲ့ထဲမှာ အားလုံး ပန်းချီဆရာဖြစ်သွားတာတော့ မဟုတ်ဘူး။ သူတို့ရဲ့အခံပါရမီရယ်၊ သူတို့ရဲ့စိတ်ပါဝင်စားမှု လေ့ကျင့်မှုပေါ့နော်။ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ ဒီလိုမျိုး Professional ဖြစ်သွားတာလေးတွေ ရှိပါတယ်လို့။

မေး။ ။ နောက်တစ်ခုက ပန်းချီဆွဲတဲ့အတတ်ပညာဆိုတော့လေ အခုဆရာမတို့ သင်တန်းက ပို့ချပေးတဲ့ ပန်းချီအမျိုးစားတွေက ဘယ်လိုပန်းချီအမျိုးအစားလဲ။ ပြီးတော့ လိုအပ်တဲ့အထောက်အကူပစ္စည်းတွေဆိုရင်တော့ ဆရာမတို့ဘယ်လိုတွေအသုံးပြုနေသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ များသောအားဖြင့်တော့လေ ကျမတို့ ဒီသင်တန်းတွေပေးတာလည်း အချိန်နည်းနည်း တိုတယ်ပေါ့နော်။ ဘာလဲဆို ကျောင်းတွေ စာသင်ပြီးတော့မှ ညနေပိုင်းကို သင်ရတဲ့အတွက်ကြောင့် နည်းနည်း လွယ်တဲ့ Acrylic ပေါ့နော်။ အဲ့ဒီဆေးကို Canvas ပေါ်မှာဆွဲတယ်။ နောက်ပြီးတော့ စက္ကျုပေါ်မှာ ဆွဲတဲ့နည်း ကိုသုံးပါတယ်။ နောက်ပြီးတော့ realism ပေါ့နော်။ အဲ့ဒီကျောင်းဝင်းထဲမှာရှိတဲ့ Campus ထဲ မှာရှိတဲ့ ၊ ပေါက်နေ တဲ့ပန်းလေးတွေ နောက်ပြီးတော့သစ်ပင်ပေါ့နော်။ သူတို့လှမ်းတွေ့ရတဲ့သံလွင်မြစ်ပေါ့။ အဲ့ဒါလေးတွေကို ကြည့်ပြီးတော့ ကျမတို့ Outdoor တွေ၊ ဘာတွေထွက်ပြီးတော့ ဆွဲတာဆိုတော့ အဲ့လိုရှုခင်းတွေ၊ ပန်းတွေ ငှက်တွေ ပေါ့နော်။ သူတို့ ပတ်ဝန်းကျင်မှာတွေ့တဲ့၊ မျက်စိနဲ့တွေ့ရတဲ့ဟာလေးတွေကို ဆွဲတာ များပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်းပဲ ကျမအနေနဲ့ ကရင်လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ကရင်ရဲ့ယဉ်ကျေးမှုဖြစ်တဲ့ ကရင် တူရိယာပစ္စည်းတွေပေါ့နော်။ ဖားစည်တို့ ၊ ကျွဲချိုတို့ စသည်ဖြစ်ပေါ့နော်။ အဲ့ဒီလိုမျိုးလေးတွေလည်း ဆွဲတတ်ဖို့အတွက်သင်ပေးပါတယ်။

မေး။ ။ ဒီပန်းချီပညာသင်တန်းတွေကိုပေါ့နော် ဘယ်သူတွေကနေ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာတွေရှိသေးလဲ။
ဖြေ။ ။ ဟုတ်ကဲ့ ခုနကမေးထားတဲ့ပစ္စည်းတွေဘာတွေဆိုလို့ရှိရင် တစ်ချို့ကျောင်းတွေက ဝယ်ပေး တာများပါတယ်။ ဒါပေမယ့်လည်းကျမရဲ့ သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေကနေပြီးတော့ ပစ္စည်းတွေ ဝယ်ပြီးတော့ ပို့ပေးတာ နယ်စပ်ကိုပို့ပေးတာရှိပါတယ်။ ဆိုတော့ တစ်ခါတလေလည်း ပစ္စည်းတွေ ပျက်သွားလို့ သင်တန်းကစောင့်ရတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် အခုလောလောဆယ်ကတော့ အဲ့လိုနည်းနဲ့ပေါ့နော်။ ဒီကျောင်းက ဝယ်တာမျိုး၊ နောက်ပြီးတော့ အလှူရှင်တစ်ဦးဦးကနေပြီးတော့ သူတို့ဝယ်ပြီးတော့ လှူတာမျိုးနဲ့ အဲ့ဒါကျမတို့အဲ့ဒီပစ္စည်းတွေရတယ်။

နောက်ပြီးတော့ ကျမလည်းပန်းချီဆွဲတဲ့လူတစ်ယောက်ဆိုတော့ ပညာရပ်ဆိုတာ ဘယ်တော့မှ မရှုံးဘူး ပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ တစ်ချို့ဟိုသံရုံးတွေပေါ့နော် ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ သူတို့အွန်လိုင်း workshop လေးတွေလုပ်တယ်။ အဲ့ဒါတွေကိုလည်းကျမတက်တယ်။ ကျမတပည့်တွေကိုလည်း တက်ခိုင်းတယ်။ အဲ့က နေလည်းပဲ နိုင်ငံတကာပန်းချီတွေကို လေ့လာတာမျိုးလည်း ရှိပါတယ်။ နောက်ပြီးတော့ အွန်လိုင်းနဲ့ တချို့ပန်း ချီဆရာမတွေလေ သူတို့ကကျတော့ပိုပြီးတော့ ပညာရပ်စုံတာပေါ့နော်။ ဒီပန်းချီအားဖြင့် ဒီစိတ်ကုထုံးပေါ့နော်။ အဲ့ဒါလေးတွေနဲ့ သူတို့ workshop လေးတွေ လုပ်ပေးတာရှိပါတယ်။ များသောအားဖြင့် ကျမကသင်တဲ့ကျောင်း တွေက နယ်စပ်မှာရှိတဲ့အတွက်ကြောင့် စစ်ဘေးနဲ့ရင်ဆိုင်ရတဲ့ကလေးတွေများပါတယ်။ တစ်ချို့ကလေးတွေ ဆိုလို့ရှိရင် Refugee Camp ပဲမှာမွေး၊ Refugee Camp ကြီးပြီးတော့ သူတို့ဟို အထက်တန်းအောင်ပြီးတော့ ကော လိပ်ကျောင်းလာတက်တဲ့ကလေးတွေဖြစ်တယ်။ Refugee များသောအားဖြင့် နောက်တစ်ချို့ကလည်းပဲ သူတို့ရွာမှာ တိုက်ပွဲဖြစ်လို့ပြေးရင်းလွှားရင်းနဲ့ပေါ့နော်။ ဆက်လက်ပညာသင်ကြားဖို့အတွက် ရောက်လာတဲ့ ကလေးတွေလည်း ရှိတယ်။

ပြီးတော့ ကျမတို့သင်နေတုန်းမှာပဲ ပန်းချီသင်နေတုန်းမှာပဲ အဲ့လေယာဉ်တွေပေါ့နော် လာပြီးတော့ပစ်တာ ခတ်တာ လာဝဲတာတွေက ရှိတယ်။ တစ်ခါတစ်လေ ပန်းချီပစ္စည်းတွေထားခဲ့ပြီးတော့ ပြေးရလွှားရတာတွေ လည်းရှိတယ်။ ဆိုတော့ အဲ့လို မျိုးလေးတွေ အခက်အခဲလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျမတို့ကတော့ လက်မလျှော့ပါဘူး။ ကျမတို့ တစ်ခါပေါ့နော် ကျောင်းဘက်မှာ လေယာဉ်နဲ့လာပစ်တော့ပြေးရတယ်။ ပြေးတော့ လည်းကျမတို့က ပစ္စည်းတွေယူသွားတယ်ပေါ့။ ပန်းချီပစ္စည်းတွေ ယူသွားတယ်။ ကျမတို့တောထဲမှာ သွားပြီးတော့ တစ်ပတ်နှစ်ပတ်လောက်သွားပြီးတော့ ပုန်းနေတဲ့အချိန်မှာ အဲ့ဒီစမ်းချောင်လေးနားမှာ ကျောက်ခဲ လေးတွေရှိ တော့ ကျောက်ခဲလေးတွေကို ကောက်ပြီးတော့ ကလေးတွေကို သင်ပေးခဲ့ တဲ့အခါမျိုးလည်း လုပ်ပါတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် It’s no boundary ပေါ့နော်။ အနုပညာဆိုတာ ကန့်သက်ချက်မရှိဘူး။ ကျမတို့ စိတ်ကူး ကွန့်မြူးရင် ကွန့်မြူးလုပ်လို့ရတယ်ဆိုတာကိုလည်း ကျမကလေးတွေကို သင်ပေးပါတယ်။

မေး။ ။ ထပ်ပြီးသိချင်တာတစ်ခုကတော့ ဆရာမ သင်ကြားပို့ချပေးတဲ့ ကျောင်းသားလူငယ်တွေပေါ့နော်။ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ပန်းချီကားတွေကို ပြပွဲတွေအဖြစ် လုပ်ခဲ့တာရှိရင် မျှဝေပြောပြပေးပါလား။
ဖြေ။ ။ ဟုတ်ကဲ့ရှိပါတယ်။ ကျမတို့အဲ့ဒီသင်တဲ့ကျောင်းမှာပဲ ကျမတို့ပြီးခဲ့တဲ့နှစ်က တစ်ကြိမ်လုပ်တယ်။ ဒီနှစ်မှာ တစ်ကြိမ်ပြုလုပ်ပါတယ်။ ပြုလုပ်တဲ့အခါမှာ ကျောင်းသူကျောင်းသားများအပြင်ပေါ့၊ တာဝန်ရှိတဲ့ (KNU) ခေါင်းဆောင်တစ်ချို့လည်း လာရောက်အားပေးတယ်။ နောက်ပြီးတော့ ဒီကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန ပေါ့နော် (KECD)က တာဝန်ရှိတဲ့ သူတွေလည်း လာကြတယ်။ ကျမတို့က ပြပွဲပြီးတော့ တစ်ခါထဲကို သင်တန်း ဆင်းပွဲတို့ certificate တို့ပေးတော့ သူတို့တွေကလည်း လာရောက်ပြီးတော့ ချီးမြှင့်တာမျိုးတို့ ရှိပါတယ်။ နှစ်ကြိမ် ရှိသွားပြီး။

နောက်ပြီးတော့ ဘန်ကောက်မှာလည်းပဲ ပြီးခဲ့တဲ့ နှစ်က Dividend Art ဆိုပြီးတော့ လှုပ်ရှား တက်ကြွသူတွေ လုပ်တဲ့ ပွဲမှာလည်း ကျမနဲ့ ကျမတပည့်တွေ ဝင်ရောက်ပြီးတော့ ပြသခဲ့ပါတယ်။ နောက်ပြီးတော့ ဒီလထဲမှာပဲနော် (FCCT)မှာ ဘန်ကောက်မှာ ပန်းချီပြပွဲတစ်ပွဲလုပ်ခဲ့ပါတယ်။ ဆိုတော့ ဘန်ကောက်မှာကတော့ နှစ်ပွဲလုပ်ခဲ့တယ်ပေါ့နော်။ နယ်စပ်မှာက နှစ်ပွဲပေါ့။ နောက်ပြီးတော့ ကျမတို့ ဒီကျောင်းရံပုံငွေအတွက် လိုအပ်မှု တွေ ရှိတဲ့အတွက်ကြောင့် ကျမတို့ နိုင်ငံရပ်ခြားမှာရှိတဲ့ မိတ်ဆွေတွေကလည်းပဲ ကူညီပေးမှုနဲ့ အိုင်ယာလန်မှာတစ်ခါ နောက်ပြီးတော့ လန်ဒန်မှာ တစ်ခါပေါ့နော်။ ပြပွဲတွေ လုပ်ခဲ့ပါတယ်။

ဆိုတော့ ပြောရမယ်ဆိုရင်တော့ တော်တော်လေး အားရဖို့ကောင်းပါတယ်။ ပွဲတွေမှာဆိုလို့ရှိရင် ကျမတို့ (၃)ရက်ပြပွဲလုပ်တယ်ဆို ပထမတစ်ရက်မှာတင်ကို ပန်းချီကားတွေကို အကုန်လုံးရောင်းထွက်သွားတယ်။ အဲ့လိုမျိုး တွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒါပြောရမယ်ဆိုရင်တော့ ပြည်သူလူထုတွေကလည်း ကျောင်းသား တွေပေါ့နော်။ ကျမတို့ ဒီ(IDP)ကလေးတွေကို ကူညီချင်တဲ့စိတ်ကော အလှူငွေပေးချင်တဲ့စိတ်ကော သူတို့ရဲ့အနု ပညာလေးတွေကိုလည်း ဂုဏ်ပြုတဲ့ဟာနဲ့ သူတို့ဝင်ရောက်ဝယ်ယူအားပေးတယ်လို့လည်း ကျမက ယုံကြည်ပါတယ်လို့။

မေး ။ ။ နောက်တစ်ခုက ပန်းချီကားရောင်းချနိုင်မှုအခြေအနေပေါ့နော်။ ဘယ်လောက်များရောင်းချနိုင်ပြီးလဲ သိပါရစေ။
ဖြေ။ ။ ခုနတုန်းက ပြောတဲ့ပန်းချီကားရဲ့ကလေးတွေဆွဲတဲ့ ပန်းချီဆိုတာ့ အဲ့ဒါကတော့ နိုင်ငံပေါ်မှာလည်း မူတည်ပါတယ်။ ဟိုလန်ဒန်တို့၊ ဘာတို့မှာဆိုလို့ရှိရင် သူတို့ ၁ ကနေ ပေါင်း (၁၀)တို့ (၂၀)တို့ ပေါ့နော်။ သုံးလေးဆယ်စသဖြစ်ပေါ့နော်။ အဲ့လိုပန်းချီကားတွေ ကောင်းရင်ကောင်းသလို သူတို့စျေးလေးတွေ တင်ပြီးတော့ရောင်းတာမျိုးလည်း ရှိတယ်။ နောက်ပြီးတော့ ဒီဘန်ကောက်မှာ သွားပြတဲ့ ပန်းချီကား လေးတွေဆိုလို့ရှိရင် ပန်းချီကားလေးတွေကရိုးရိုးပါပဲ။ ကျမတို့နော် ဒီကလေးတွေ ဆွဲတာဆိုတော့ စက္ကူပေါ်မှာ Acrylic နဲ့ဆွဲတယ်။ Wall Size လေးတွေပေါ့နော်။ ဒါပေမဲ့လည်းပဲ အားပေးတဲ့သူတွေက အနည်းဆုံး ဘတ်(၅) ထောင် ပေါ့နော်။ ဘတ်(၅)ထောင်ဆိုတော့ ဒေါ်လာ (၁၀၀)ကျော်တယ်။ အဲ့လိုမျိူး အားပေးတာရှိတယ်။ လန်ဒန်မှာဆိုလို့ရှိရင်လည်း ပေါင်(100) လောက်ထိကို တင်ပြီးတော့ ရောင်းပေးတာမျိုးတွေ ရှိပါတယ်လို့။

ဆိုတော့ အဲ့လိုမျိုးလေးလည်း ကျမတို့ဒါကျောင်းအတွက် ရံပုံငွေ နောက်ဆွဲတဲ့ ကလေးတွေ အတွက် လည်းပဲ အကူအညီကျောင်းစရိတ်အတွက်ပေါ့နော်၊ အကူအညီအထောက်အပံ့ရတာမျိုးလေးတွေလည်း ရှိပါတယ်လို့။ နောက်ပြီးတော့ နောက်သုံးလေးပန်းချီကားပေါ့နော် ကျမတို့တီရှပ်အပေါ်မှာ ဆွဲတာတွေ နောက်ပြီးတော့အိတ်ပေါ်မှာ ဆွဲတာတွေ အဲ့ဒါတွေလည်းပဲ ကျမတို့ အဲ့ဒါလေးတွေလည်းပို့ပြီးတော့ ရောင်းတာရှိပါတယ်။ အိတ်ကတော့ကျမတို့ကတော့ဒါကလေးတွေရဲ့ လက်ရာ handmade ဆိုတော့ ဒီထိုင်းဘက်မှာရောင်းလို့ရှိရင်တော့ ဘတ်(၂၅၀) တစ်လုံးကိုပေါ့နော်၊ အဲ့လိုမျိုးလေးတွေ ရောင်းတယ်။ ဒါမှတစ်ချို့တွေ ကလည်းပဲ လာအားပေးတဲ့အနေနဲ့ အိတ်တစ်လုံးယူသွားတယ်။ ဘတ် (၁)ထောင်ပေးသွားတယ် စသည်ဖြင့်ပေါ့နော်၊ အဲ့လိုမျိုးလေးတွေလည်း သူတို့ရောင်းရပါတယ်။ ဆိုတော့ အဲ့ဒါလေးတွေကတော့ကျမ တို့ လောလောဆယ် Marketing ရှာတဲ့အဆင့်ပေါ့နော်။ နောက် သူတို့ရဲ့ကျောင်းရဲ့အဆက်အသွယ်နဲ့ ဒီနိုင်ငံရပ်ခြားမှာ Supporter တွေကလည်း လှမ်းမှာပြီးတော့ ရောင်းပေးတဲ့အခါမျိုးတွေလည်း ရှိပါတယ်။

မေး။ ။ အခုက ပန်းချီပညာသင်တန်းတွေအပြင် အခြားဘာသင်တန်းတွေ၊ ပညာရပ်သင်တန်းတွေကို ဆရာမအနေနဲ့ လုပ်ပေးတာများ ရှိသေးလဲ။
ဖြေ။ ။ ကျမတို့ပန်းချီပညာရပ်အပြင် အခြားလက်မှုပညာရပ်တွေဖြစ်ကြတဲ့ လျှပ်စစ်ဆင်ခြင်းသင် တန်းတွေ၊ လက်သမားသင်တန်း၊ နောက်ပြီးတော့ ကရင်ရိုးရာ ရက်ကန်းပေါ့နော်။ ဂျပ်ခုပ်သင်တန်းတွေ ပေးတယ်။ နောက်ပြီးတော့လက်မှုပညာ အင်္ကျီထိုး၊ ပန်းထိုးပေါ့နော် အဲ့ဒါတွေ လည်းပါတယ်။ ဆိုတော့ ကျမတို့အဲ့ဒီဥစ္စာလေး တွေလည်းရှေ့ဆက်ပြီးတော့ တိုးချဲ့သွားမှာဖြစ်တယ်။ ကျမတို့ နောက်တစ်ခု (Project)ကတော့ ချက်နည်းပြုတ် နည်းသင်တန်းလေးတွေ ပေါ့နော်။ နောက်ပြီးတော့ကော်ဖီဖျော်နည်းသင်တန်း ၊ ဘာလို့လဲဆိုတော့ နယ်စပ်က တော့ဟို ထိုင်းနဲ့နီးတယ်လေ။ သူတို့အဲ့ဒီကျောင်းပြီးသွားလို့ ဘွဲ့ရတဲ့အခါမှာ အဲ့ဒီ အတတ်ပညာလေးတွေ ရပြီးတော့ တကယ်လို့ ထိုင်းဘက်မှာသူတို့လာပြီးတော့ အလုပ်လျှောက်ဖို့ ကော်ဖီဆိုင်တွေမှာ အဲ့လိုမျိူးပေါ့နော်၊ လုပ်ဖို့ စသဖြင့် အဲ့ဒီထိရည်ရွယ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ အခုလိုကာလမျိုးမှာပေါ့နော်။ ဆရာမ တစ်ယောက်အနေနဲ့ ကိုယ်တတ်တဲ့ ပန်းချီပညာရပ်ကို အကျိုးဖြစ်အောင် နယ်စပ်က တိုင်းရင်းသားလူငယ်တွေဆီကို လက်ဆင့်ကမ်းပေးတယ်၊ ဆိုတော့ ပန်းချီဆရာမတစ်ယောက်အနေနဲ့ ဒီလူငယ်တွေအပေါ် အမြင်လေး နည်းနည်း ပြောပြပါလား။
ဖြေ။ ။ ဆိုတော့ ကျမဆိုလို့ရှိရင် တစ်ခါတလေအရမ်းအံ့သြတယ်။ သူတို့ကိုသင်ပေးပြီးတော့ ထွက်လာတဲ့ လက်ရာလေးတွေက အရမ်းကောင်းတယ်လေ။ They are very talented အရမ်းကို ပါရမီရှိတဲ့ကလေးတွေ ဖြစ်တယ်။ သူတို့သည် ပန်းချီပြပွဲတွေလည်း သူတို့ကောင်းကောင်းလုပ်နိုင်တယ်။ နောက်ပြီးတော့ နိုင်ငံတ ကာပန်း ချီပွဲတွေမှာလည်းဆုရတယ်။ တစ်လောတုန်းက International Refugee Day မှာလည်း ပထမဆု ရတယ်။ ကျမ တပည့်ထဲက တစ်ယောက်ပေါ့နော်။ ပိုစတာပြိုင်ပွဲမှာ နောက်ပြီးတော့အခုလည်းပဲ International Day of Peace ထဲမှာလည်း ဝင်ပြီးတော့ပြိုင်တာ ဆုတွေရကြတယ်။ ဆိုတော့ အဲ့လိုမျိုးနိုင်ငံတကာဆု တွေရော နောက်ပြီးတော့ နိုင်ငံတကာ ပြပွဲတွေရောတွေကိုလည်းပြနိုင်တဲ့အခါ ကျမတော်တော်လေးအံ့သြရတယ်။ ဘာလဲဆိုတော့ အော်ဒီကလေးတွေသည်သူတို့ အရင်ကစုတ်တံလည်း တစ်ခါမှမကိုင်ဖူးဘူး။ ပန်းချီဆိုတာလည်း ဘာမှမသိဘူး။ ဒါမဲ့ ကျမနည်းနည်းလေးသင်ပေးလိုက်တာနဲ့ သူတို့ ပါရမီရှိတယ်။ ပုံတူတွေ၊ ဘာတွေ လည်းဆွဲနိုင်တယ်။ စောဘဦးကြီးပုံတို့၊ ဘာတို့သူတို့အကုန်လုံးဆွဲနိုင်တယ်။ ဆိုတော့ တစ်ချို့တပည့်တွေဆို ဆွဲတာကျမထက်တောင်မှ တော်သေးတယ်ပေါ့။ တော်တယ်ပေါ့နော်။

အဲဒါကြောင့် ပန်းချီတစ်ခုထဲလည်း မဟုတ်ဘူးပေါ့။ တစ်ခြား ပညာရပ်တွေလည်းသင်ပေးလို့ရှိရင် ရနိုင် တယ်။ ဒီလိုမျိုးပါရမီရှိတဲ့ကလေးတွေက နယ်စပ်မှာရှိနေတယ်။ ဒါပေမယ့်အခွင့်အရေးမရလို့ပေါ့နော်။ နိုင်ငံတ ကာကို ထိုးဖောက်ဖို့နော် နိုင်ငံတကာနဲ့ရင်ပေါင်တန်းဖို့ သူတို့ဆီမှာ အဲ့လိုမျိုးလေးတွေ ရှိလို့ရှိရင် သူတို့သွား နိုင်တယ်။ လုပ်နိုင်တယ်။ ကမ္ဘာကျော်ဖြစ်နိုင်တယ်။ အဲ့ဒါတော့ကျမ အရမ်းယုံကြည်တယ် ။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ မျှော်လင့်တာက ဒီပါရမီရှိတဲ့ကျောင်းသားလေးတွေသည် ဥပမာဖြင့် နိုင်ငံတကာက ပန်းချီကျောင်းတွေမှာ ဆက်တက်ခွင့်ရဖို့ သူတို့ရဲ့လက်ရာတွေကို ကမ္ဘာပေါ်မှာ ထုတ်ပြဖို့ အဲ့လောက်ထိကို ကျမတို့ ရည်ရွယ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့လည်း တကယ်လို့များပေါ့နော် အဲ့လိုမျိုးအခွင့်အရေးရရင် ဒီ (IDP) ကလေးတွေကို အဲ့လိုအခွင့်အရေးခေါ်ဆောင်ပေးတဲ့အဖွဲ့အစည်းတွေကျောင်းတွေရှိရင် ကျမတို့ကတော့ ဒီလိုမျိုးကလေးတွေက တောထဲမှာရှိပါတယ်ဆိုတာကို (KIC)ကနေတစ်ဆင့် ကျမထုတ်ဖော်လိုပါတယ်လို့။